မြန်မာ့ဘောလုံး ကင်းထောက်လူငယ်များ ရွေးချယ်ခေါ်ယူ

0
50

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာ့ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ FIFA-MFF TDS Scouting Program အစီအစဉ်အရ မြန်မာ့ဘောလုံး ကင်းထောက်လူငယ်များကို မေလ (၄)ရက်မှ (၆)ရက်အထိ သုံးရက်ကြာ ပဏာမအဆင့် ရွေးချယ်ခေါ်ယူလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရွေးချယ်ရေးအစီအစဉ်များအရ ပဏာမအဆင့် အား မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ ရန်ကုန်မြို့များတွင် ရွေးချယ်လျက်ရှိပြီး ဖိုင်နယ်အဆင့်အား မန္တလေးမြို့တွင် မေလ (၁၁)ရက်မှ (၁၂) ရက်အထိလည်းကောင်း၊ ရန်ကုန်မြို့တွင် မေလ (၁၅)ရက် မှ (၁၆) ရက်အထိလည်းကောင်း အသီးသီးရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။

ယမန်နေ့ မေလ(၄)ရက်က ရန်ကုန်မှ (၄၃၂)ဦး၊ မန္တလေးမှ (၃၂၀) ဦး၊ တောင်ကြီးမှ (၁၉၆) ဦး၊ မြစ်ကြီးနားမှ (၁၅၀) ဦး၊ ပုသိမ်မှ (၅၉) ဦး၊ ပဲခူးမှ (၄၈) ဦး စုစုပေါင်း (၁,၂၀၅) ဦးလာရောက်ရွေး ချယ်ခံခဲ့ကြပြီး လာရောက်ရွေးချယ်ခံသူများမှာ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဖွားမြင်သူ လူငယ်မျိုး ဆက်သစ်များ ဖြစ်ကြကြောင်း သိရသည်။

အပြီးသတ် ရွေးချယ်ခံရသူများသည် ၂၀၂၄ ပညာသင်နှစ်မှစတင်ကာ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့တွင် အတန်းပညာနှင့် ဘောလုံးပညာရပ်များအား အခမဲ့သင်ယူခွင့်ရရှိမည်ဖြစ်သည်။

အကယ်ဒမီ ကျောင်းများအနေဖြင့် သင်တန်းသားများအား အနာဂတ် မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရသော ကစားသမားကောင်းများ ဖြစ်ပေါ် လာစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ကာ ကျောင်းသားများ သည် အကယ်ဒမီကျောင်းများ၏ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာကာ အတန်းပညာနှင့် ဘောလုံးပညာများအား ဆည်းပူးသင်ယူရမည် ဖြစ်သည်။

မြန်မာ့ဘောလုံး ကင်းထောက်လူငယ်များ ရွေးချယ်ခေါ်ယူမှုအား လူငယ်ဘောလုံး ဖွံ့ဖြိုးရေး နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသားနည်းပြ မစ္စတာ မိတနှင့် ရွေးချယ်ရေး အဖွဲ့များက စိစစ်ရွေးချယ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here