ဘရာဇီး သမ္မတက ဂျပန်ဝန်ကြီးချုပ်ကို အမဲသားကင်သုံးဆောင်ဖို့ ဖိတ်ခေါ်ရင်း ဘရာဇီးအမဲသား ရောင်းရဖို့ စည်းရုံး

0
114

ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာဒါဆေးဗားက နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာတဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကိရှီဒါကို မြို့တော် ဘရာစီလီယာမှာ အစည်းအဝေးနှစ်ခုနဲ့ ကြိုဆိုခဲ့ပြီး သူ့နိုင်ငံထုတ် အမဲသားကို ဝယ်ယူဖို့အတွက်လည်း တောင်အမေရိကခေါင်းဆောင်က ဂျပန်ခေါင်းဆောင်ကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဘရာဇီးဟာ ၂၀၁၅ ခုနှစ်ကတည်းက အကောင်အထည်ဖော်ခဲ့တဲ့ ဘရာဇီးအမဲသား ဂျပန်ဈေးကွက်ကို ထိုးဖောက်ရေး သဘောတူညီချက်ကို နှစ်နိုင်ငံ အစည်းအဝေးအတွင်း တွန်းအားပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။ ခရီးစဉ်အတွင်း အကင်ဆိုင်တစ်ခုမှာ သုံးဆောင်ကြည့်သင့်တယ်လို့ လူလာက ဂျပန်ဝန်ကြီးချုပ်ကို ကမ်းလှမ်းခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း “မနေ့ညက အဆွေတော်တို့ ညစာဘာသုံးဆောင်ခဲ့သလဲဆိုတာတော့ မသိပါဘူး” လို့ ကီရှီဒါနဲ့ ဂျပန်ကိုယ်စားလှယ်အဖွဲ့ကို ကြည့်ရင်း လူလာက ပြောဆိုပါတယ်။ ယင်းနောက် စက်မှု၊ ကူးသန်း ရောင်းဝယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်တဲ့ ဒုတိယ သမ္မတ Geraldo Alckmin ဘက်ကိုလှည့်ပြီး “ဝန်ကြီးချုပ် ဖူမီယိုကို ဆော်ပေါ်လိုမြို့က အကောင်းဆုံးစားသောက်ဆိုင်မှာ အကင်စားဖို့ ခေါ်သွားပေးပါဗျာ၊ နောက်သီတင်းပတ်လောက်ဆို ကျွန်တော်တို့ အမဲသားကို သူ စပြီး တင်သွင်းတော့မှာပါ” လို့ သူက ပြောဆိုသွားပါတယ်။

လူလာရဲ့ လက်ထက်မှာ ဘရာဇီးဟာ နိုင်ငံတကာ ဈေးကွက်ကို အမဲသားတင်ပို့မှု အစီအမံတွေ မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။ လူလာ သမ္မတ တာဝန်စတင်ထမ်းဆောင်တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်းမှစကာ အာရှတိုက်မှ အများစုပါဝင်တဲ့ နိုင်ငံပေါင်း ၅၀ က ကုန်သွယ်မှုဆိုင်ရာ အကန့်အသတ်တွေကို ဖယ်ရှားခဲ့ပါတယ်။ ဘရာဇီးတာဝန်ရှိသူတွေရဲ့ အဆိုအရ ဂျပန်နိုင်ငံမှာ စားသုံးတဲ့ အမဲသားတွေအနက် ၇၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းခြင်းဖြစ်ကာ ယင်းမှာ အမေရိကန်နဲ့ သြစတြေးလျတို့ကနေ ၈၀ ရာခိုင်နှုန်း တင်သွင်းခဲ့ကြောင်း သိရပါတယ်။

“အဆွေတော်ဝယ်ယူတဲ့ အသားတွေထက် ကျွန်တော်တို့ အသားက ပိုဈေးချိုပြီး အရည်အသွေးပိုကောင်းပါတယ်။ ဘယ်ဈေးနဲ့ ဝယ်တယ်ဆိုတာ မသိပေမယ့် ကျွန်တော်တို့ဟာက ဈေးပိုချိုပြီး အရည်အသွေးထူးကဲတယ်ဆိုတာတော့ သေချာပါတယ်” လို့ လူလာက ဆက်လက် ပြောဆိုခဲ့ပါတယ်။

တရားဝင် ကုန်သွယ်မှု အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်မှာ ဘရာဇီးက အမဲသား ပေါင် ၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဒါဟာ သူ့အရင်နှစ်ကတင်ပို့နိုင်မှု စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ကမ္ဘာ့ထိပ်တန်း အမဲသားတင်ပို့နိုင်ငံဖြစ်တဲ့ ဘရာဇီးဟာ နိုင်ငံပေါင်း ၉၀ ကျော်ကို တင်ပို့နေခဲ့ကြောင်း သိရပါတယ်။

Ref:MSN


LEAVE A REPLY

Please enter your comment!
Please enter your name here