ဘရာဇီးတောင်ပိုင်းမှာ မိုးကြီးလို့ လူ ၃၇ ဦးထက်မနည်းသေဆုံးကာ ၇၀ ကျော် ပျောက်ဆုံးနေ

0
211

ဘရာဇီးနိုင်ငံတောင်ဘက်စွန်းပြည်နယ် ရီယိုဂရန်းဒိုဆူးလ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောဆိုပြီး ပျောက်ဆုံးနေသူ ဒါဇင်များစွာရှိနေတာကြောင့် သေဆုံးဦးရေ မြင့်တက်လာနိုင်တယ်လို့လည်း သိရပါတယ်။

ဥရုဂွေး၊ အာဂျင်တီးနားနိုင်ငံတို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ယင်းပြည်နယ်မှာ လူ ၇၀ ကျော် ပျောက်ဆုံးလျက်ရှိနေသေးပြီး လူပေါင်း ၂၃၀၀၀ ခန့်ဟာ နေအိမ်စွန့်ခွာခဲ့ရပါတယ်။ ပြည်နယ်ရဲ့ မြို့ပေါင်း ၄၉၇ မြို့မှာ ထက်ဝက်လောက်အထိ မိုးကြီးရေလျှံမှုဒဏ် ခံနေရတယ်လို့ ရီယိုဂရန်းဒိုဆူးလ် အရပ်ဖက်ကာကွယ်ရေးဋ္ဌာနက ပြောဆိုပါတယ်။

မြို့အများအပြားနဲ့ အရေးပါတဲ့လမ်းတွေဟာ မြစ်ကြောင်းတွေအဖြစ် ပြောင်းသွားခဲ့ပြီး လမ်းတွေ၊ တံတားတွေ ပျက်စီးမှုုဖြစ်ခဲ့ပါတယ်။ မိုးသက်မုန်တိုင်းကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး အသေးစားရေအားလျှပ်စစ်စက်ရုံတစ်ခုရဲ့ ရေလှောင်ကန်တစ်ခု တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘန်တိုဂွန်ကာလ်ဗက်စ်မြို့ရှိ ဒုတိယမြောက် ရေလှောင်ကန်တစ်ခုဟာလည်း ပြိုကျသွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း အာဏာပိုင်တွေက ပြောဆိုကာ အနီးအနားနေထိုင်သူတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အမိန့်ပေးထားပါတယ်။

ပထဝီဝင်အနေအထားအရ ပြည်နယ်ဟာ အပူပိုင်းနဲ့ ဝင်ရိုးစွန်းလေထုများအကြား တွေ့ဆုံရာဖြစ်ပြီး မိုးသည်းထန်မှုတွေနဲ့ အခြား မိုးခေါင်ရေရှားမှု ကာလတွေပေါ်ပေါက်တဲ့ ရာသီဥတုပုံစံဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ဒီရာသီပုံစံဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်လာနေတယ်လို့ ဒေသဆိုင်ရာ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။

စိုးရိမ်ရတဲ့ အခြေအနေတစ်ခုလိုမျိုးသာ မဟုတ်ဘဲ နိုင်ငံတော်က မှတ်တမ်းတင်ထားသမျှမှာ အဆိုးဆုံး အခြေအနေတစ်ခုတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ရီယိုဂရန်းဒိုဆူးလ်ပြည်နယ် အုပ်ချုပ်ရေးမှူး အက်ဒွာဒို လိုင်တေက မေလ ၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

အာဏာပိုင်တွေအနေနဲ့ အချို့နေရာတွေကို သွားရောက်နိုင်ခြင်း မရှိသေးတာကြောင့် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိတယ်လို့လည်း ၎င်းက ပြောဆိုပါတယ်။

သမ္မတ လူးဝစ် အင်နာစီယို လူလာဒါဆေးဗားဟာ မေ ၂ ရက်မှာ ရေဘေးသင့်ဒေသတွေကို သွားရောက်ခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here