အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေး ဆိုင်ရာအစည်းအဝေး ပြုလုပ်

0
52

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ လာအိုနဲ့ မလေးရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အာဆီယံ အသိုက်အဝန်းရဲ့ ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်(HLTF-ACV) ဆိုင်ရာ ၁၄ ကြိမ်မြောက် အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းဝေးကို ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

ဧပြီ ၂၇ ရက်နေ ၃၀ ရက်အထိ ပြုလုပ်ခဲ့တဲ့ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အာဆီယံရေးရာဋ္ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်းဟောက်ထန်နဲ့ အရာထမ်းတစ်ဦးတို့လည်း လိုက်ပါတက်ရောက်ခဲ့ကြပါတယ်။ 

အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကလည်း အာဆီယံ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနဲ့ အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးတို့နဲ့ ပတ်သက်ပြီး အကြံပြုဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ 

အာဆီယံစွမ်းဆောင်ရည် မြှင့်တင်ခြင်းနဲ့ အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေကို အစည်းအဝေးမှာ မှတ်တမ်းတင်ခဲ့ကြပြီး အကြံပြုချက်နဲ့အညီအကောင်အထည်ဖော်ရေး ကျန်ရှိတဲ့အဆိုပြုလုပ်ငန်းစဉ်တွေကို စာရင်းပြုစုတင်ပြဖို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို တာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အာဆီယံနိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်ရဲ့ ဇယားပုံစံကို စကားပြေပုံစံ ပြောင်းလဲပြင်ဆင်ဖို့ တာဝန်ပေးအပ်ခဲ့ပြီး အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းနဲ့ အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များ တည့်သွင်းဖော်ပြမယ့် ကဏ္ဍကို သင့်လျော်တဲ့အချိန်မှ စဉ်းစားဆုံးဖြတ်ရေး သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

 Ref: ASEAN.org, GNLM


LEAVE A REPLY

Please enter your comment!
Please enter your name here