ငလျင်ကဲ့သို့ အရေးပေါ်အခြေအနေ ကြုံတွေ့လာပါက အာဆီယံသံရုံးများနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မည် 

0
81

ငလျင်ကဲ့သို့ အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အာဆီယံသံရုံးများနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို  (၃၂၁) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို) အစည်း အဝေးတွင် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ 

တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (တိုကျို) ၏ (၃၂၁) ကြိမ်မြောက်အစည်းအဝေးကို ဧပြီ (၃၀) ရက်က အာဆီယံကော်မတီ(တိုကျို) ဥက္ကဋ္ဌ အင်ဒိုနီးရှားသံအမတ်ကြီး H.E Mr. Heri AKHMADI က ကြီးမှူး၍ အင်ဒိုနီးရှားသံ အမတ်ကြီးနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်း အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ ငလျင်ကဲ့သို့ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာရပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် အာဆီယံ သံရုံးများအကြား အချက်အလက်ဖလှယ်ခြင်းနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကောင်စစ်ဆိုင်ရာအရာထမ်းများအကြား အဖွဲ့တစ်ခု ဖွဲ့စည်းသွားရန် ကိစ္စရပ်များ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးနှင့် တစ်ဆက်စပ်တည်း အာဆီယံသံအမတ်ကြီးများနှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးနှင့် အရှေ့တောင်နှင့် အနောက်တောင်အာရှရေးရာဦးစီးဌာန (Southeast and Southwest Asian Affairs Department) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Ryo Nakamura တို့အကြား Dinner Talk ကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here