ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ကယ်လီဖိုးနီးယားတက္ကသိုလ် ပါလက်စတိုင်းထောက်ခံ သပိတ်စခန်းအနီး ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီစုရုံး

0
93

အစ္စရေးထောက်ခံ တန်ပြန်ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခိုက်တိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် ပါလက်စတိုင်းလိုလားတဲ့ သပိတ်စခန်းတစ်ခုကို ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ဝင်ရောက်ရှင်းလင်းဖို့ရာပြင်ဆင်တဲ့အနေနဲ့ ရဲတပ်ဖွဲ့ဝင်ရာနဲ့ချီပြီး ကယ်လီဖိုးယား တက္ကသိုလ်၊ လော့စ်အင်ဂျလိစ်(UCLA) မှာစုရုံးထားတယ်လို့ သိရပါတယ်။

ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ချက်တွေအရ အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံပြည့်ဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ UCLA ဝန်းထဲက အဆောက်အအုံတစ်ခုအနီး စုရုံးရောက်ရှိနေတာဖြစ်ပါတယ်။ သပိတ်စခန်းချတာဟာ ဥပဒေနဲ့မညီဘူးလို့  တက္ကသိုလ်က ကြေညာခဲ့အပြီး နောက်တစ်နေ့ စီးနင်းမှုမှာ တက်ကြွလှုပ်ရှားသူအချို့ဟာ အမာခံဦးထုပ်တွေ၊ မျက်မှန်တွေနဲ့ အသက်ရှုကိရိယာမျက်နှာဖုံးတွေ တပ်ဆင်ထားကြတာတွေ့ရပါတယ်။

ယာယီသပိတ်စခန်းအပြင်မှာ စုဝေးနေတဲ့ အခြားရာနဲချီတဲ့ ပါလက်စတိုင်းထောက်ခံသူတွေဟာ တက္ကသိုလ်မြေအတွင်း ရဲတွေ ချီတက်လာချိန်မှာ ရဲတွေကို ရှက်စရာကောင်းသူတွေအဖြစ် လှောင်ပြောင်ခဲ့ကြပြီး အချို့က ဒရမ်တွေတီးခတ်ခဲ့သလို ပါလက်စတိုင်းအလံတွေ ဝှေ့ယမ်းခဲ့ကြပါတယ်။ ဆန္ဒပြသူများစွာဟာ ပါလက်စတိုင်းရိုးရာ ကက်ဖီယာပဝါတွေကို ဝတ်ဆင်ထားခဲ့ကြပါတယ်။

တက္ကသိုလ်ဝန်းအတွင်း မဝင်ရောက်မီ ရဲတပ်ဖွဲ့က အထင်ကရ နှစ်ထပ်မျှော်စင်ပြခန်း Royce Hall နဲ့ ပင်မဘွဲ့ကြို စာကြည့်တိုက်ကြားရှိ မြက်ခင်းပြင်ပလာဇာက ဆန္ဒပြဧရိယာကို ရှင်းလင်းဖို့ အသံချဲ့စက်နဲ့ တိုက်တွန်းခဲ့ပါတယ်။

သပိတ်စခန်းချနေသူတွေနဲ့ မျက်နှာဖုံးစွပ် တန်ပြန်ဆန္ဒပြသူအုပ်စုတို့အကြား အင်္ဂါနေ့ညအနှောင်းပိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းတို့မှာ ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် UCLA က စာသင်အတန်းတွေကို ဖျက်သိမ်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထူထောင်ခဲ့တဲ့ ပြင်ပ သပိတ်စခန်းမှာ နေထိုင်သူတွေကတော့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ မတိုင်မီ ငြိမ်သက်နေခဲ့ပြီး ဒီဖြစ်ရပ်တွေမှာ သွေးထိုးလှုံဆော်သူတွေ ရှိနေတယ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေက အပြစ်ဆိုခဲ့ကာ စုံစမ်းစစ်ဆေးမှုလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Ref: The Express Tribune


LEAVE A REPLY

Please enter your comment!
Please enter your name here