တိုက်ပွဲများအတွင်း ယူကရိန်းတပ်တွေထံမှ သိမ်းဆည်းရမိခဲ့တဲ့ အနောက်တိုင်း စစ်လက်နက်ပစ္စည်းများပြပွဲ မော်စကိုမှာ ပြုလုပ်

0
76

တိုက်ပွဲတွေအတွင်း ယူကရိန်းတပ်တွေထံက သိမ်းဆည်းရမိခဲ့တဲ့ အနောက်တိုင်း စစ်လက်နက်ပစ္စည်း ပြပွဲကို ရုရှားနိုင်ငံမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်ပြသခဲ့ကြောင်း သိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက စီစဉ်ပြုလုပ်တဲ့ ပြပွဲမှာ အနောက်နိုင်ငံလုပ် အကြီးစားလက်နက်ပစ္စည်း ၃၀ ကျော် ပါဝင်ခဲ့ပြီး ယင်းမှာ အမေရိကန်လုပ် M1 Abrams တိုက်ပွဲဝင်တင့်ကားတစ်စီး၊ Bradley သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တစ်စီး၊ Leopard 2 တင့်ကားတစ်စီးနဲ့ ဂျာမနီနိုင်ငံမှ ခြေလျင်တပ်သုံး သံချပ်ကာယာဉ် Marder တစ်စီး၊ ပြင်သစ်လုပ် AMX-10RC သံချပ်ကာယာဉ်တစ်စီးတို့လည်း ပါဝင်ကြောင်း သိရပါတယ်။

မော်စကိုအနောက်ပိုင်းရှိ ဒုတိယကမ္ဘာစစ်အောက်မေ့ဖွယ်နေရာမှာ တစ်လကြာ ပြသသွားမယ့် ပြပွဲအတွင်း သေနတ်တွေ၊ စစ်သုံးစာရွက်စာတမ်းတွေနဲ့ အခြား စာရွက်စာတမ်းတွေလည်း ခင်းကျင်းပြသထားတာဖြစ်ပါတယ်။

အနောက်တိုင်းက လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ ယူကရိန်းကို ထောက်ပံ့နေမှုနဲ့ ပတ်သက်ပြီး ရုရှားအာဏာပိုင်တွေက ဝေဖန်ခဲ့ကြကာ တိုက်ပွဲမှာ နေတိုးက တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ အထောက်အထားအဖြစ် လက်နက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကိဗ်အပေါ် အနောက်နိုင်ငံတွေရဲ့ စစ်ရေးထောက်ပံ့မှုတွေက ပဋိပက္ခလမ်းကြောင်းကို အပြောင်းအလဲဖြစ်စေမှာ မဟုတ်သလို ရုရှားရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ရေးကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ထပ်ခါတလဲလဲ သတိပေးကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ စစ်ရေးအကူအညီနှောင့်နှေးမှုကြောင့် ယူကရိန်းတပ်တွေ လက်နက်ခဲယမ်းမဲ့နေချိန်ကို အခွင့်အကောင်းယူကာ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေက ကုန်းမြေတွေကို ပိုမိုသိမ်းပိုက်လာစဉ် ယခုပြပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်ရှ်ကော့ဗ်က မော်စကိုပြပွဲဟာ “ပြောင်မြောက်တဲ့ စိတ်ကူးစိတ်သန်းတစ်ခု” ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here