ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံထားရခြင်းကြောင့် ကုန်တင်ရထား စက်ခေါင်းအပါ အဝင် တွဲ(၄)တွဲလမ်းချော်ကျမှုဖြစ်ပွား

0
55

ရန်ကုန်မန္တလေး ရထားခရီးစဉ် များ ယာယီ ဖျက်သိမ်း

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ယမန်နေ့ မေ(၁)နံနက်(၅)နာရီအချိန်၌ ကညွတ်ကွင်းဘူတာနှင့် ညောင်ပင်သာဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၅/၁-၄ အတွင်းရထားများမဖြတ်သန်းမီအချိန် ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ခံထားရကြောင်း သိရသည်။

အဆိုပါလမ်းပိုင်း မိုင်းထောင်ဖျက်ဆီးခံထားရခြင်းကြောင့် မလွှကုန်း-မြစ်ငယ် ခရီးစဉ်အတိုင်းထွက်ခွာလာသည့် အမှတ် (၉၀၁)အဆန်ကုန်ရထားသည် ကညွတ်ကွင်းဘူတာနှင့် ညောင်ပင်သာဘူတာအကြားမိုင်တိုင်အမှတ်၊၁၂၅/၁-၄အတွင်း ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ရထားစက်ခေါင်းအပါအဝင် စက်ခေါင်းမောင်းနားနေတွဲနှင့်ကုန်တွဲလွတ် (၃)တွဲ စုစုပေါင်းစက်ခေါင်းနှင့် တွဲ(၄)တွဲတို့လမ်းချော်ကျမှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ရန်ကုန်မှထွက်ခွာလာသည့် အမှတ် (၁၁) အဆန် လူစီးအမြန်ရထားသည် ကျောက်တန်းဘူတာမှ ရန်ကုန်ဘက်သို့လည်းကောင်း ၊ မန္တလေးမှ ထွက်ခွာလာသော အမှတ် (၁၂)အစုန်လူစီးအမြန်ရထားသည် မြစ်သားဘူတာမှ မန္တလေးသို့လည်းကောင်း အသီးသီး ပြန်လှည့်ကာ ခရီးအား ယာယီဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာမည့် အမှတ် (၁၁) အဆန် နှင့် အမှတ် (၁၂)အစုန် အမြန်ရထားများပေါ်ရှိ ခရီးသည် (၅၀၀)နီးပါးမှာ ၏ ခရီးစဉ်ကို ဖျက်သိမ်း၍ ထွက်ခွာလာရာ ဘူတာများသို့ ပြန်လှည့်ကာမောင်းနှင်ခဲ့ကြရကြောင်း သိရသည်။

ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသးများက နယ်မြေရှင်းလင်း စစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်း ချော်ကျသော စက်ခေါင်းနှင့်တွဲများအား မ,တင်၍ လမ်းပိုင်းအားအမြန်ဆုံးပြန် လည်ဖွင့်လှစ်နိုင်ရေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ မိုင်းကွဲမှုဖြစ်စဉ်များကြောင့် ရထားလမ်းစီမံကိန်းလုပ်ငန်းများလုပ်‌ ဆောင်လျက်ရှိသော အစုန်လမ်းပေါ်ရှိ ကွန်ကရစ်ဇလီဖား (၁၀)တုံး၊ သံလမ်းပေ(၈၀)ခန့်ပျက်စီးသွားကြောင်း၊ အဆန် လမ်းပေါ်ရှိ ကွန်ကရစ်ဇလီဖား(၃၂) တုံး၊ သံလမ်းပေ(၃၀)ခန့်ပျက်စီးခဲ့ကြောင်းနှင့် ရထားများပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများအားအမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here