ဗဟိုဘဏ်မှ အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးနှင့် ပျမ်းမျှသီးသန့်ငွေပေါ် ပေးသည့်အတိုးနှုန်းတို့အားတိုးမြှင့်သတ်မှတ်

0
462

ဗဟိုဘဏ်မှ လှည့်လည်သုံးစွဲငွေ မြင့်တက်ခြင်းနှင့် ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်ခြင်းတို့အား အထိုက်အလျောက်ထိန်း​ကြောင်းနိုင်ရန် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးနှင့် ပျမ်းမျှသီးသန့်ငွေပေါ် ပေးသည့်အတိုးနှုန်းတို့ကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်  အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးအား ၃.၅ ရာခိုင်နှုန်းသတ်မှတ်ထားရှိ၍ ဘဏ်များ၏ ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ (CAB) ဖြင့် ၃ ရာခိုင် နှုန်းထားရှိရန်နှင့် ဘဏ်များလက်ဝယ်ရှိငွေသားဖြင့် ၀.၅ ရာခိုင်နှုန်းထားရှိရန်၊ ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်တွင် အတိုးနှုန်း ၃.၆ ရာခိုင်နှုန်းဖြင့် အတိုးပေးရန် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လှည့်လည်သုံး စွဲငွေ မြင့်တက်ခြင်းနှင့် ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်ခြင်းတို့အား အထိုက်အလျောက်ထိန်းချုပ်နိုင်ရန် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား လက်ရှိ ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၅ ဖြင့် သုည ဒသမ ၂၅ ရာခိုင်နှုန်း တိုးမြှင့်သတ် မှတ်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိဘဏ်များနှင့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များအနေဖြင့် အဆိုပါ ၃ ဒသမ ၇၅ ရာခိုင်နှုန်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေ (CAB) ဖြင့် ၃ ရာခိုင်နှုန်းနှင့် ဘဏ်များလက်ဝယ်ရှိငွေသား (Cash at Bank)ဖြင့် သုည ဒသမ ၇၅ ရာခိုင်နှုန်းထားရှိရမည်ဖြစ်သည်။

ယင်းအပြင်ဘဏ်များ၏ ငွေကြေးလွယ်ကူမှုကို ပိုမိုအထေ ာက်အကူပြုစေရန်နှင့် ဘဏ်များ အတိုးဝင်ငွေပိုမိုရရှိစေရန် ပျမ်းမျှပိုလျှံသီးသန့်ငွေ (Average Excess Reserve) ပေါ် ပေးမည့်အတိုးနှုန်းကို လက်ရှိ ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းဖြင့် သုည ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ အတိုးပေးရာတွင် ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံး ကျပ် ၇ ဘီလျံနှင့်အထက်ရှိသော ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံး ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ ကျပ် ၅၀ ဘီလျံအထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဘဏ်သည်ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်တွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိ ပျမ်းမျှစာရင်းရှင်အပ်ငွေ (Average CAB)အရ လည်းကောင်း၊ ပျမ်းမျှလက်ဝယ်ရှိငွေသား (Average Cash at Bank) အရ လည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်းအသီးသီးကို ပြည့်မီရမည်ဖြစ်ပြီး ပြည့်မီမှုမရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒဏ်ကြေးဆိုင်ရာညွှန် ကြားချက်အမှတ် (၁၂/၂၀၁၆) ပါအတိုင်း ဒဏ်ကြေးပေးဆောင်စေရမည်ဖြစ်ကြောင်း ညွှန်ကြားချက်အရ သိရသည်။

အဆိုပါ ပြင်ဆင်သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ် မေလ ၃ ရ က်မှစတင်၍ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here