မွန်နှင့် ကရင်ပြည်နယ်တို့တွင်နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များအား ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညှိနှိုင်းဆွေးနွေး

0
90

တစ်လနီးပါး သတင်းမြင်ကွင်းတွင် ပုံနှင့်တကွမတွေ့ရသည့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ဧပြီလ (၂၉) ရက်တွင် နစကမှ ထုတ်ပြန်လာသည့် သတင်းများတွင်တွေ့လာရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ဧပြီလ (၂၉) ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ကာ ဆေးကုသမှု ခံယူနေသည့် ဒဏ်ရာရ အရာရှိစစ်သည်များထံ သွားရောက်တွေ့ဆုံကာအားပေးစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ သွားရောက်တွေ့ဆုံရာသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါခဲ့ကြကြောင်းသတင်း ထုတ်ပြန်ထားသည်။

ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ဆေးဝါးကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း လိုက်လံ‌တွေ့ဆုံကာ ဆေးဝါးကုသပေးထားမှုအခြေအနေ၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်း ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုနောက် နေ့လယ်ပိုင်းတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်တို့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ အားတွေ့ဆုံကာအမှာစကား ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မွန်နှင့် ကရင်ပြည်နယ်တို့သည် နယ်စပ် ဒေသများ ဖြစ်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင်၊ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတိုးတက်အောင်ကြိုးပမ်းကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် လုံခြုံရေး အသိ၊ လုံခြုံရေး သတိရှိစွာဖြင့် ကြိုတင်ကာကွယ်ရေး ၊ ကျောင်းသူကျောင်းသားများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ၊ ဒေသခံများအတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေး ၊ နိုင်ငံရေး ၊ ကာကွယ်ရေးနှင့် စီးပွားရေးကို ဟန်ချက်ညီအောင် ဆောင်ရွက်ရန် စသဖြင့် မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာအချက်အလက်များ ၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ၊ စစ်ဘေးရှောင်စခန်းများ၏အခြေအနေများ ၊ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများအပါအဝင် ဒေသတွင်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တပ်နယ်မှူးများနှင့်တွေ့ဆုံကာ စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here