မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားများကို ကယ်ထုတ်ဖို့ ထိုင်း ရေတပ်သင်္ဘောလေးစင်း အသင့်ပြင်ထားဟု ဆို

0
197

မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခ ပိုပြီးအခြေအနေဆိုးလာပါက မြန်မာပြည်ရောက် ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ရာ ထိုင်း တော်ဝင်ရေတပ်က ကပ္ပလီပင်လယ်ပြင်မှာ ရေတပ်သင်္ဘောလေးစင်း အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဖရီးဂိတ်နှစ်စင်း(HTMS Saiburi၊ HTMS Prachuap Khiri Khan) နဲ့ ကမ်းတက်သင်္ဘောနှစ်စင်း(HTMS Saiburi၊ HTMS Mattaphon တို့ကို ကယ်ထုတ်ရေးမှာ လိုအပ်သလို အသုံးပြုနိုင်ဖို့အတွက် ဖြန့်ကျက်ထားဖို့ ကပ္ပလီပင်လယ်ကမ်းရိုးတန်းဒေသအတွက် တာဝန်ရှိတဲ့ အမှတ် ၃ ဒေသတိုင်းမှူးကို ရေတပ်ဦးစီးချုပ် Adm Adung Pan-Lam က အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။

တပ်မတော်နဲ့ ခုခံတော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲတွေ ပိုမိုအရှိန်မြင့်လာခဲ့ပြီး ထိုင်းနိုင်ငံသားတွေအတွက် အသက်အန္တရာယ်ရှိလာနိုင်တဲ့အခြေအနေမျိုးမှာ မြန်မာပြည်တွင်းကနေ ထိုင်းလူမျိုးတွေကို ကယ်ထုတ်ဖို့ရာ ဒီသင်္ဘောလေးစင်း အသင့်ပြင်ထားတာဖြစ်တယ်လို့ ၎င်းက ပြောဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကန်ချနာဘူရီပြည်နယ် ဆိုင်ယွတ်ခရိုင် မျက်နှာချင်းဆိုင်ရှိ ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲဆောက်ခရိုင်နဲ့ မြဝတီမြို့နယ်အကြား နယ်စပ်အခြေအနေဟာ ငြိမ်သက်စပြုလာတယ်လို့ သိရပါတယ်။

ထိုင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးရဲ့ အဆိုအရ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက်မှာ တနင်္ဂနွေနေ့က တပ်မ​တော်သား ၂၀ ခန့်ခုခံနေတဲ့ အစိုးရစစ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၂၀ ခန့်က သိမ်းပိုက်ကာ မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ယင်းစခန်းမှ မီးခိုးတွေ၊ မီးတောက်တွေ ထွက်ပေါ်နေတာကို ထိုင်းဘက်ခြမ်းကနေ မြင်ရတယ်လို့လည်း သိရပါတယ်။

ယင်းတိုက်ပွဲဟာ ထိုင်းနိုင်ငံ ဆိုင်ယွတ်ခရိုင် Ban Thai Muang အရပ်ကနေ ၁၀ ကီလိုမီတာခန့်အကွာ ထားဝယ်ဒေသဘက်မှာ ဖြစ်ပွားခဲ့တာလို့လည်း သတင်းရင်းမြစ်က ပြောဆိုခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here