အပူဒဏ်နဲ့ ဂျစ်ယာဉ်မောင်းတွေရဲ့ သပိတ်မှောက်မှုကြောင့် ဖိလစ်ပိုင်ရှိ စာသင်ကျောင်းတွေ နှစ်ရက်ကြာ ပိတ်

0
131

          ပြင်းထန်အပူချိန်နဲ့ ဂျစ်နီယာဉ်မောင်းတွေရဲ့ နိုင်ငံတဝန်း သပိတ်မှောက်မှုတွေကြောင့် ဖိလစ်ပိုင်ရှိ အစိုးရစာသင်ကျောင်းအားလုံးရဲ့ လူကိုယ်တိုင်တက်ရောက်ရသော အတန်းတွေကို နှစ်ရက်ကြာ ရပ်ဆိုင်းလိုက်တယ်လို့ ပညာရေးဋ္ဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

          မကြာခင်သီတင်းပတ်တွေကစလို့ အရှေ့တောင်အာရှတလွှား ပြင်းထန်အပူချိန်တွေ ဖြစ်ပေါ်နေခဲ့တာကြောင့် စာသင်ကျောင်းထောင်နဲ့ချီဟာ လူကိုယ်တိုင်တက်ရောက်ရတဲ့ အတန်းတွေကို ရပ်ဆိုင်းလိုက်ကြရပြီး အာဏာပိုင်တွေဟာလည်း အပူဒဏ်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြရပါတယ်။

      ဖိလစ်ပိုင်ရှိ စာသင်ကျောင်းအများစုဟာ လေအေးပေးစက်တွေ မရှိကြဘဲ ကျောင်းသူ ကျောင်းသားတွေဟာ လေဝင်လေထွက်မကောင်းတဲ့ စာသင်ခန်းတွေထဲမှာ လူပြည့်ကြပ်ပိတ်လှောင်စွာနဲ့ သင်ကြားကြရပါတယ်။

       နောက်ဆုံးထုတ်ပြန်တဲ့ အပူချိန်အညွှန်းကိန်း ခန့်မှန်းချက်နဲ့ နိုင်ငံအနှံ့ သယ်ယူပို့ဆောင်ရေး သပိတ်မှောက်မယ့် ကြေညာချက်တွေကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းတွေအားလုံး ဧပြီ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ အဝေးသင်စနစ်နဲ့ သင်ကြားရမှာဖြစ်တယ်လို့ ပညာရေးဋ္ဌာနရဲ့ ဖေ့စ်ဘုတ်ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ ပညာရေးဋ္ဌာနဟာ ကျွန်းနိုင်ငံတစ်ဝန်း စာသင်ကျောင်းပေါင်း ၄၇၀၀၀ ကျော်ကို ကြီးကြပ်ရတာဖြစ်ပါတယ်။

         ဖိလစ်ပိုင်ပြည်သူများစွာ အလုပ်သွား/ပြန်၊ ကျောင်းသွား/ပြန်အတွက် အသုံးပြုကြရတဲ့ မီးခိုးထွက်ယာဉ်တွေကို လမ်းတွေပေါ်ကနေ ပိတ်ပင်ဖယ်ရှားမယ့် အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဂျစ်နီယာဉ်မောင်းအချို့ဟာလည်း ဧပြီ ၂၉ ရက်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးရက်ကြာ သပိတ်မှောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

       မြို့တော် မနီလာမှာ စံချိန်တင်အပူချိန်ဖြစ်ပေါ်ခဲ့ပြီးနောက် အခုလို လူကိုယ်တိုင်တက်ရောက်တဲ့ အတန်းတွေ ရပ်ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။ မြို့တော်မှာ ဧပြီ ၂၇ ရက်က အပူချိန် ၃၈.၈ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး အပူအညွှန်းကိန်း ၄၅ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့တယ်လို့ နိုင်ငံရဲ့ မိုးလေဝသခန့်မှန်းချက် အချက်အလက်တွေအရ သိရပါတယ်။

The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here