တောင်ကြီးမြို့နယ်တွင် အမျိုးသား နှစ်ဦးထံမှ ငွေကျပ်သိန်း ၇၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
150

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် အမျိုးသား နှစ်ဦးထံမှ ငွေကျပ် (၇၃၁၅) သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ 

တောင်ကြီးမြို့နယ်၊ တောင်ကြီး – အောင်ပန်းသွားကားလမ်း၊ တောင်လေးလုံးကျေးရွာအနီးတွင် ဧပြီ (၂၅) ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ချမ်းမြေ့နိုင်(ခ)ကျော်မျိုး မောင်းနှင်လာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့်  အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၃၀ ကီလို၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၄၅၀၀)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ ဧပြီ (၂၅) ရက် နံနက် (၅)နာရီအချိန်တွင် စိုင်းစောဟန်(ခ)စောဟန် အား ၎င်းနေထိုင်သည့် တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၅၀၀၀) ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် (၁၇၅) သိန်း၊ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၂.၄ ကီလို ၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း (၂၆၄၀)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ ချမ်းမြေ့နိုင်(ခ)ကျော်မျိုး(၃၃)နှစ် နှင့် စိုင်းစောဟန်(ခ)စောဟန်(၄၉)နှစ်တို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအ ရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here