ထိုင်း နိုင်ငံခြားရေးဝန်ကြီး ရာထူးက ရုတ်တရက် နုတ်ထွက်

0
119

ထိုင်းအစိုးရအဖွဲ့သစ်၏ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဖဟီထာ နုကွန်သည် ယနေ့ ဧပြီလ (၂၈) ရက်တွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားကြောင်း သိရသည်။

ထိုင်းသတင်းများ၏ ဖော်ပြချက်အရ ပန်ပရီအား ဒုတိယ ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခြင်းခံရခြင်းကြောင့် ယခုလို ရာထူးက နုတ်ထွက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ပန်ပရီ၏ နုတ်ထွက်စာကို ထိုင်းဝန်ကြီးချုပ် ဆရက်သာ ထဝီဆင်းက လက်ခံခဲ့ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရွန်ကီက ရိုက်တာသတင်းဌာနကို ပြောဆိုထားသ ည်။

ထဝီဆင်း၏ အစိုးရသစ်အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ်သာမက နိုင်ငံခြားရေးဝန်ကြီး ရာထူးကိုပါ ပူးတွဲခန့်အပ်ခံထားရသူ ဖြစ်သော်လည်း ယနေ့ ထိုင်းဘုရင့်နန်းတော်မှ ထုတ်ပြန်သည့် အစိုးရအဖွဲ့စာရင်းတွင် ပန်ပရီကို နိုင်ငံခြားရေးဝန်ကြီး အဖြစ်သာ ဖော်ပြထားသည့်အတွက် ဒုတိယဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံရသည့်သဘော သက်ရောက်နေခြင်းလည်း ဖြစ်သည်။ထို့ကြောင့်နာရီပိုင်းအတွင်းပင် နုတ်ထွက်စာ တင်လိုက်ကြောင်းသိရသည်။

နိုင်ငံခြားရေး ဝန်ကြီး ပန်ပရီသည် အိမ်နီးချင်း နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ ပဋိပက္ခဖြေရှင်းရေးအတွက် စိတ်အား ထက်သန်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက မြဝတီမြို့ တိုက်ပွဲပြင်းထန်နေချိန်တွင် မြဝတီမြို့တစ်ဘက်ကမ်းရှိ မဲဆောက်မြို့သို့ လာရောက်ကာ စစ်ဘေးရှောင်ပြည်သူတွေအရေး ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ရန် စီစဉ်ညွှန်ကြားခဲ့သေးသည်။

ထို့ပြင် မြန်မာ့အရေးကို အာဆီယံအနေဖြင့် ဆွေးနွေးအဖြေရှာဖို့ အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံကို တိုက်တွန်းမှုများ ဆောင်ရွက်ခဲ့သေးသည်။

ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သူ၏ လုပ်ဆောင်မှုများကြောင့် ဒု-ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရခြင်း မဟုတ်ဘူးဟု ယုံကြည်ကြောင်း ပန်ပရီက ပြောဆိုထားကြောင်း သိရသည်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here