သုံးနှစ်အတွင်း လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုကန်ဒေါ်လာ ၁ဘီလီယံကျော်

0
123

နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံရန် ကန်ဒေါ်လာ ၁ ဒသမ ၂၁၅ ဘီလီယံ (ရာခိုင်နှုန်း ၄၀ ကျော်) အထိ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကလိုအပ်ချက်သည် လျှပ်စစ်ကဏ္ဍဖြစ်ပြီး ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် DICA မှ ဆက်လက်ဖိတ်ခေါ် လျက်ရှိသည်။

ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းပြီး ထုတ်လုပ်မှုနှင့် လိုအပ်ချက်အကြား ကွာဟမှု ကြီးမားနေသည့်အပြင် လိုအပ်ချက် များစွာရှိနေသေးပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများသည် ဓာတ်အားပြတ်တောက်မှုများ ရင်ဆိုင်နေရပြီး နိုင်ငံတစ်ဝန်းမှ စက်မှုဇုန်များသည် ဓာတ်အားမလုံလောက်ခြင်းများကို ကြုံတွေ့နေရကြောင်း သိရသည်။

မြန်မာသည် ဓာတ်အား မလုံလောက်မှုကို ၂၀၁၉ ခုနှစ်တွင် ခံစားရပြီး ၃၀၀ မဂ္ဂါဝပ်ခန့်အထိ ရှိသော်လည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက်ပိုင်း လျှပ်စစ်ထုတ်လွှတ်မှုသည် ယခင်ထက်လျော့ကျသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ သိရသည်။

အလားတူ လျှပ်စစ်ကို မှီခိုအားထားနေရသည့် အထွေထွေ ကုန်ထုတ်လုပ်ငန်းများအားလုံး ကုန်ကျစရိတ်ကြောင့် လုပ်ငန်းရပ်ဆိုင်းသည်အထိ ဖြစ်လာခဲ့ပြီး ယခင်က တရက်လျှင် (၈) နာရီ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ပေးနေရာမှ ယခုနောက်ပိုင်းတွင် (၄) နာရီခြားလောက်သာ လျှပ်စစ်ရရှိတော့ကြောင်း သိရသည်။

ယခင်က စက်မှုဇုန်များတွင် လျှပ်စစ်မီးကို အချိန်အကန့် အသတ်ဖြင့်ပေးနေပြီး အိမ်သုံးကဏ္ဍအတွက် လျှပ်စစ်မီးကို ဦးစားပေးဖြန့်ဖြူးပေးခဲ့သော်လည်း ယခုအခါ အိမ်သုံးအပြင် စက်မှုဇုန်များတွင်ပါ လျှပ်စစ်မီးကို လုံလောက်စွာ မဖြန့်ဖြူးပေးနိုင်သည့်အတွက် စက်ရုံအချို့ပိတ်သိမ်းခဲ့ရမှုများရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here