မြင်းခြံတွင် ဒီဇယ်ပီပါများ တင်ဆောင်လာသည့် မော်တော် ယာဉ်(၁)စီး မီးလောင်မှုဖြစ်

0
60

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ အင်ကြင်သာကျေးရွာအနီးတွင် ဒီဇယ်ပီပါများ တင်ဆောင်လာသည့် မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် နယ်မြေခံ မီးသတ်တပ်ဖွဲ့မှ ယာဉ်အများအပြားဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယနေ့ ဧပြီ (၂၈)ရက်၊ နံနက် (၁၁)နာရီ (၁၂)မိနစ်အချိန်က ဒီဇယ်ပီပါများ တင်ဆောင်လာသော မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြင်းခြံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၄) စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ မြင်းခြံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့အပြင် အဖြူရောင်လက်များပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ နတ်ကြီးပင်ပရဟိတအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၁၁)နာရီ၊ (၃၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၄ ခုနှစ်၊ ဧပြီ (၂၈)ရက်အထိ ယာဉ်မျိုးစုံ မီးလောင်မှု အကြိမ်ရေ (၃၀)ကျော် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း မီးသတ်တပ်ဖွဲနှင့် ဒေသတွင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here