ဖားကန့် ၊ မအူပင်ရွာဒေသခံစစ်ရှောင်များနေရပ်မပြန်နိုင်သေးဟုဆို

0
41

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းရှိ မအူပင်ရွာ ဒေသခံစစ်ရှောင် (၂၀၀)ကျော်မှာ ယနေ့အချိန်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ ဦးဘရန်နူးက ပေါ်ပြူလာနယူစ်းသို့ပြောသည်။

အဆိုပါ စစ်ရှောင်များမှာ မအူပင်ရွာတိုက်ပွဲများကြောင့် လွယ်ဆိုင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ပြီး၊ လွယ်ဆိုင်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း၌ ခိုလှုံနေရာမှတဆင့် ယခုအခါ တစ်မိုင်ခန့်ဝေးသည့် စစ်ရှောင်စခန်းများသို့ ထပ်မံပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်အ၌ မိုးရွာသွန်းမှုများကြောင့် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။

“ဘုရားကျောင်းမှာ လာခိုလှုံတာလည်းကြာပြီ‌ဆိုတော့ သူတို့ကို ရွာရဲ့အနောက်ဘက်က တောထဲမှာ ယာယီနေထိုင်ဖို့ စခန်းနှစ်ခုဖွင့်ပြီး ထားပေးတယ်။ ကိုယ်ဘာသာ တဲဆောက်ပြီးနေကြတာပေါ့။ စားဖို့ကတော့ အချို့အဖွဲ့အစည်းနဲ့ ဘုရားကျောင်းက လူကြီးတွေ ဆန်ထောက်ပံ့ပေးတာတွေရှိပါတယ်။ ရွာကိုမပြန်နိုင်သေးတာကလည်း လက်နက်ကြီးကျလို့ မီးလောင်သွားတဲ့ အိမ်တွေပြန်မဆောက်နိုင်ကြတော့ဘူးလေ။ ဒါကြောင့် စီစဉ်ထားတဲ့ စခန်းမှာပဲနေကြတာ။တိုက်ပွဲတွေကတော့ ငြိမ်နေပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ မအူပင်ရွာအနီးတိုက်ပွဲများဖြစ်ပွားခဲ့သည့် အတွက် ယင်းဒေသနေပြည်သူများမှာ (၄)မိုင်ခန့်ဝေးသော လွယ်ဆိုင်ရွာသို့ စစ်ရှောင်နေကြရခြင်းဖြစ်သည်။

အဆိုပါ ဒေသတွင် တိုက်ပွဲများပြန်လည်ငြိမ်သက်နေပြီဖြစ်သော်လည်း လုံခြုံစိတ်ချရသည့်အခြေအနေမရှိသေးသဖြင့် နေရပ်မပြန်နိုင်သေးခြင်းဖြစ်ပြီး အချို့စစ်ရှောင်များမှာ နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့်အတွက် အိုးမဲ့အိမ်မဲ့ အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

ဓာတ်ပုံ – လွယ်ဆိုင်ရွာတွင် လာရောက်ခိုလှုံနေကြသည့် ဒေသတွင်း စစ်ရှောင်ပြည်သူများ(ပုံဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here