ရုရှားနဲ့ ပတ်သက်ပြီး ဘလစ်ကင်က တရုတ်ကို စည်းရုံးရေးဆင်းနေပေမယ့် မော်စကို၊ ပေကျင်းဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားမှာဖြစ်ကြောင်း ကရင်မလင် ပြောဆို

0
62
US Secretary of State Antony Blinken (L) shakes hands with China's President Xi Jinping at the Great Hall of the People in Beijing on April 26, 2024. (Photo by Mark Schiefelbein / POOL / AFP)

ရုရှားစစ်တပ်ကို တရုတ်က ထောက်ခံပံ့ပိုးနေတဲ့အပေါ် စိုးရိမ်မှုတွေပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလစ်ကင်က သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒါကို ကရင်မလင်က တုန့်ပြန်မှတ်ချက်ပြုရာမှာတော့ မော်စကိုနဲ့ ပေကျင်းတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်သွားကြမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား မကြာခင်က တိုးတက်စပြုလာတဲ့ ဆက်ဆံရေးကို ထိခိုက်သွားစေနိုင်သော ပြဿနာတွေထဲက တစ်ခုအဖြစ် ရုရှားစစ်တပ်အပေါ် တရုတ်က ထောက်ခံပံ့ပိုးနေမှုပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဘလစ်ကင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မော်စကိုနဲ့ အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်မှုရှိထားပေမယ့် တရုတ်ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် လက်နက်တွေ ထောက်ပံ့ပေးမှုမျိုးကို ရှောင်ရှားခဲ့ပါတယ်။ သို့ပေမယ့် နှစ်မျိုးသုံးကုန်စည်လို့ ခေါ်ဆိုတဲ့ ကုန်စည်မျိုးတွေကို ပံ့ပိုးပေးနေခြင်းဟာ ယူကရိန်းမှာ ရုပ်ပိုင်းဆိုင်ရာအရ သက်ရောက်မှုရှိနေတယ်လို့ ဘလစ်ကင်က ပြောဆိုခဲ့ပါတယ်။

တရုတ်အနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှ လက်နက်ကိရိယာတွေ ပေးအပ်ခြင်းမရှိကြောင်း၊ ယူကရိန်း အကျပ်အတည်းမှာ ပါဝင်ပတ်သက်နေတဲ့ ဖန်တီးသူမဟုတ်သလို အဖွဲ့အစည်းလည်းမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သို့ဆိုပေမယ့် တရုတ်နဲ့ ရုရှားအကြား ပုံမှန်ကုန်သွယ်မှုကိုတော့ ရပ်တန့်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း မပြုသင့်ဘူးလို့လည်း တရုတ်ဘက်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဘလစ်ကင်ရဲ့ ခရီးစဉ်နဲ့ တရုတ်အပေါ် ဖိအားပေးခဲ့မှုတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို သမ္မတ ပူတင်ရဲ့ သတင်းပြန်ကြားရေးမှူးဖြစ်သူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဖြေကြားရာမှာ “တရုတ်ဟာ လုံး၀ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကာ သူ့အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်နိုင်သော အင်အားကြီးနိုင်ငံဖြစ်ပါတယ်” လို့ ဆိုခဲပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ဟာ မိမိတို့ရဲ့ အနီးကပ်မိတ်ဖက်ဖြစ်ကြောင်းနဲ့ မိမိတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်အောင်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆက်လက် ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here