ပင့်ကူအုပ်စုကြီးကဲ့သို့သောအရာများ အင်္ဂါဂြိုဟ်ရှိ အင်ကာမြို့တော်ဒေသတွင် တွေ့ရှိ

0
391

ဥရောပအာကာသအေဂျင်စီ၏ Mars Express အာကာသယာဉ်သည် အင်္ဂါဂြိုဟ်၏တောင်ဝင်ရိုးစွန်းအနီး အင်ကာမြို့တော်(Inca City)ဟုသိကြသည့် ဒေသတစ်လျှောက်တွင် ပျံ့နှံ့နေသော ပင့်ကူများနှင့်ဆင်တူသည့် သေးငယ်ပြီး မည်းနက်သော အရာများကို ဓာတ်ပုံရိုက်ကူးကာ ကမ္ဘာသို့ ပြန်လည်ပေးပိုးခဲ့သည်။

မှောင်မိုက်သော အင်္ဂါဂြိုဟ်ဆောင်းရာသီတွင် နေရောင်ခြည်သည် အင်္ဂါဂြိုဟ်၏ မြေအလွှာများအတွင်း အောင်းနေသော ကာဗွန်ဒိုင်အောက်ဆိုဒ်အလွှာများကို ပူနွေးလာစေသဖြင့် ထိုသို့ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ အင်္ဂါဂြိုဟ် မြေအလွှာများအောက်ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်အခဲများသည် ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အထူ ၃.၃ ပေ (၁ မီတာ) အထိ ထူထပ်သော ရေခဲများမှတဆင့် မြေလွှာပေါ်သို့ ထိုးထွက်သွားလာကြခြင်းကြောင့် ယခုမြင်ရသကဲ့သို့ ပင့်ကူအုပ်စုကြီးနှင့် ဆင်တူသော သဏ္ဍာများဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဥရောပအာကာသ အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပေါ်သို့ တွန်းကန်ထိုးထွက်လာသော ဓာတ်ငွေ့များက အောက်ခြေမြေလွှာရှိ မည်းနက်သည့် ဖုန်မှုန့်များကို သယ်ဆောင်လာပြီး နောက်ဆုံးတွင်မူ မြေမျက်နှာပြင်ပေါ် မရောက်မီ ဖုန်မှုန့်များကို ပန်းထုတ်သကဲ့သို့ဖြစ်စေသဖြင့် ပင့်ကူများကဲ့သို့သော ပုံသဏ္ဍာန်များဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဥရောပအာကာသအေဂျင်စီက ရှင်းပြထားသည်။

Angustus Labyrinthus ဟု လူသိများသော အင်္ဂါဂြိုဟ် ၏ အင်ကာမြို့တော်ဒေသသည် ကမ္ဘာပေါ်ရှိ အင်ကာမြို့တော်ဟောင်းမှ အပျက်အစီးများကဲ့သို့သော စွပ်ကြောင်းရာများမြင်တွေ့ရသဖြင့် အင်ကာမြို့တော်ဟု အမည်ပေးထားခြင်းဖြစ်သည်။ ၎င်းသည် ၅၃​​မိုင် (၈၆ ကီလိုမီတာ)ခန့် ဧရိယာကျယ်ဝန်းသော ဒေသတစ်ခုဖြစ်ပြီး အင်္ဂါဂြိုဟ်အပေါ်ယံလွှာမှတဆင့် ချော်ရည်များ ထိုးတက်လာကာ အချိန်ကြာလာသည်နှင့်အမျှ ချော်ရည်စီးကြောင်းများသည် ကမ္ဘာပေါ်ရှိ အင်ကာမြို့တော်ဟောင်းမှ အပျက်အစီးများကဲ့သို့ ဖြစ်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း သုတေသီတို့က ဆိုကြသည်။

သို့ရာတွင် “အင်ကာစီးတီးကို ဘယ်လိုဖွဲ့စည်းခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မသိသေးပါဘူး” ဟု ဥရောပအာကာသအေဂျင်စီမှ အရာရှိများက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here