စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည်

0
140

စိုက်ပျိုးထွက်ရှိလာမည့် ဆီထွက်သီးနှံများမှ အရည်အသွေးမြင့်မားသည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောကြားသည်။

ဧပြီ (၂၅) ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဝါကြိတ်စက်ရုံများ၊ ဆီစက်လုပ်ငန်းများ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စားသုံးဆီထုတ်လုပ်မှု Supply Chain တစ်လျှောက်ကို လေ့လာကြည့်လျှင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့၏ စိုက်ဧက တိုးချဲ့ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အရည်အသွေးပြည့်မီသော ဆီထွက်သီးနှံများ ထွက်ရှိရေးစသည်တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ထွက်ရှိလာသော ဆီထွက်သီးနှံများကို အရည်အသွေးမြင့်မားသည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအ နေဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ ဖြင့် ဆီထွက်သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) စိုက်ပျိုးခြင်းအတွက် တစ်နိုင်ငံလုံးတွင် ဇုန် (၇)ခုသတ်မှတ်ပြီး တိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၌ ဇုန်(၂)ခု ပါဝင်ပြီး စိုက်ပျိုး ဧက (၁၃) သန်း လျာထားဆောင်ရွက်လျက်ရှိ​နေသည်။

ထို့ကြောင့် မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးသွားမည်ဆိုပါက ဆီစက်အရေအတွက်နှင့် စက်များ၏ ထုတ်လုပ်နိုင်မှုစွမ်းအား မြှင့်တင်ရန်လိုအပ်သဖြင့် အရည်အသွေးပိုင်းတွင်လည်း စံချိန်စံညွှန်းများနှင့် ကိုက်ညီသော စားသုံးဆီများထုတ်လုပ်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

ဆီအိုးကြီးဟု သတ်မှတ်ထားသည့် မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး စားသုံးဆီများ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ 

မကွေးတိုင်းဒေသကြီးမှ တစ်နှစ်လျှင် ဆီတန်ချိန် ပေါင်း ၁၈၀၀၀၀ ခန့် ထွက်ရှိပြီး ဒေသတွင်းမှ တန်ချိန် ၀ ဒသမ ၆ သိန်းသာ အသုံးပြုလျက်ရှိပြီး ကျန်ပိုလျှံဆီများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here