KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်ကို လွှတ်ပေးပြီး နာရီပိုင်းအကြာတွင် ပြန်ခေါ် ဆောင်ရခြင်းမှာ ဖမ်းဆီးခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက်ဟုဆို

0
184

မြန်မာနှစ်ဆန်းတစ်ရက်နေ့က နစက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး နာရီပိုင်းအကြာတွင် ပြန် လည်ခေါ်ဆောင်သွားခြင်း ခံရသူ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်၏ ဖြစ်စဉ်မှာ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက်ဖြစ်ပြီး ပြန်လည်ဖမ်းဆီးခြင်းမဟုတ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ကို တပ်မတော်က ပြန်လည်ခေါ် ဆောင်သွားခြင်းအပေါ် BBC သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။

“သူက KBC မှာ ငြိမ်းချမ်းရေးအကျိုးဆောင်လည်း လုပ်တဲ့သူဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးနိုင်အောင်၊ သူ့ဆီကလည်း အခြေအနေ မေးမြန်းနိုင်အောင် ခေါ်ထားတာဖြစ်ပါတယ်။ ဖမ်းတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့နေရာမှာ ပူးပေါင်း၊ ဆွေးနွေးဖို့ပါ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC ကို ဖြေကြားထားသည်။

ဒေါက်တာခလမ်ဆန်ဆွမ်ပြီးခဲ့သည့် ဧပြီလ (၁၇) ရက်က နစက၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ညနေပိုင်းတွင် ဇနီးဖြစ်သူ အပါအဝင် အခြားတစ်ဦးနှင့်အတူ တပ်မတော်က လာရောက်ခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါက်တာခလမ်ဆန်ဆွမ်၏ ဇနီးဖြစ်သူမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း ကျန်နှစ်ဦးကို ဆက်လက်ခေါ်ဆောင်ထားဆဲဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များကပြောနေကြသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးတံတားဦးလေဆိပ်၌ ထိုင်းနိုင်ငံသို့ သွားရောက်ရန် ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် (၂) နှစ်၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၁) နှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်စုစုပေါင်း ထောင်ဒဏ် (၆)နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here