မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယ ဘုရားပွဲ‌တော် ကာလအတွင်း ဘုရားဖူးပြည်သူ (၄၀၀,၀၀၀) ကျော် ဝင်ရောက်ခဲ့

0
82

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးပြည်သူ (၄၀၀,၀၀၀) ကျော် ဝင်ရောက်ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းလှိုင်၏ ပြောကြားချက်အရသိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း (၅) ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ (၁၇) ရက်၊ နှစ်ဆန်းတစ်ရက်နေ့ မနက် (၈)နာရီတွင် ကျင်းပခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက နှစ်ဆန်းတစ်ရက် နှစ်ဦးကုသိုလ်အဖြစ် ရွှေဝါငါးကြင်းကောင်ရေ (၁၀၀၀၀) နှင့် ငါးမြစ်ချင်းကောင်ရေ (၅၀၀၀)တို့ကို ဇီဝိတဒါနအဖြစ် မန်းချောင်းထဲသို့ လွှတ်ခဲ့ကြကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း (၅) ရက်မှ နှစ်ဆန်း(၁)ရက်အထိ (၆၄)ရက်ကြာ ကျင်းပခဲ့ပြီး မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲနေ့တွင် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာတို့ကို ဖွင့်လှစ်အပူဇော်ခံလေ့ရှိသည်။

ပွဲတော်ပိတ်ပွဲနေ့တွင် စက်တော်ရာ နှစ်ဆူကို ပြန်လည်ပိတ်ထားလေ့ရှိသော်လည်း အောက်စက်တော်ရာကို အလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားသောကြောင့် ပွဲတော်ချိန်ပြင်ပတွင်လည်း မြင်တွေ့ဖူးမြော် နိုင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here