ကမ္ဘာ့အကြီးကျယ်ဆုံး ရွေးကောက်ပွဲမှာ အိန္ဒိယပြည်သူတွေ မဲပေးကြပြီ

0
169
People queue to cast their vote at a polling station as voting starts in the first phase of India's general election in Chennai, capital of India's Tamil Nadu state on April 19, 2024. (Photo by R.Satish Babu / AFP)

တိုးတက်မှု၊ သက်သာ ချောင်ချိရေး၊ ၎င်းရဲ့ ပုဂ္ဂိုလ်ရေးလူကြိုက်များမှုနဲ့ ဟိန္ဒူအမျိုးသားရေးဝါဒကို ကျောထောက်နောက်ခံပြုကာ သမိုင်းဝင် တတိယမြောက် သက်တမ်းရွေးကောက်ခံရရေး ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ထပ်မံကြိုးပမ်းလာတဲ့ ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲကြီးအတွက် ဧပြီ ၁၉ ရက်မှာ အိန္ဒိယပြည်သူတွေ စတင် မဲပေးကြပြီဖြစ်ပါတယ်။

ဟိမဝန္တာတောင်တန်းဒေသတွေမှသည် အပူပိုင်း အဒ္ဒမန်ကျွန်းစုဒေသတွေထိ ပါဝင်တဲ့ ပထမဆုံး ပြည်နယ် ၂၁ ခုအတွက် မနက် ၇ နာရီမှာ မဲရုံတွေ စမဖွင့်သေးခင်နာရီများစွာအလိုမှာပဲ မဲပေးမယ့်သူတွေ မဲရုံတွေရှေ့ တန်းစီရောက်ရှိနေခဲ့ကြကြောင်း သိရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ မဲဆန္ဒရှင် သန်း ၉၇၀ နီးပါးဟာ ပါလီမန်ရဲ့ အောက်လွှတ်တော်အတွက် အမတ်အရေအတွက် ၅၄၃ ဦးကို ငါးနှစ်သက်တမ်းအတွက် ရွေးချယ်ပေးကြမှာဖြစ်ပါတယ်။ သီတင်း ၆ ပတ်ကြာ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပမယ့် ရှုပ်ထွေးများမြောင်လှတဲ့ ရွေးကောက်ပွဲရဲ့ ဆန္ဒမဲတွေကိုတော့ ဇွန်လ ၄ ရက်မှာ ရေတွက်သွားမှာဖြစ်ပါတယ်။

နွေရာသီရဲ့ နေ့ပိုင်းအပူချိန်ကို ရှောင်ရှားဖို့အတွက် မဲရုံဆီကို စောစောစီးစီးပဲ လာရောက်ခဲ့တယ်လို့ မဲပေးလာသူ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။

ဝန်ကြီးချုပ် မိုဒီက စံချိန်တင်အရေအတွက်နဲ့ မဲလာထည့်ကြဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။ မိမိအနေနဲ့ အထူးအားဖြင့် လူငယ်တွေနဲ့ ပထမအကြိမ် မဲပေးရမယ့်သူတွေ အရေအတွက်များပြားစွာ မဲထွက်ပေးကြဖို့ တိုက်တွန်းပါကြောင်း မိုဒီက လူမှုမီဒီယာ X ပလက်ဖောင်းမှာ ပြောဆိုခဲ့ပါတယ်။

ယခုတစ်ကြိမ် ရွေးကောက်ပွဲဟာ အိန္ဒိယနိုင်ငံသမိုင်းမှာ အကျိုးဆက်အရှိဆုံးတွေထဲကတစ်ခုအဖြစ် ရှုမြင်ကြသလို မိုဒီရဲ့ နိုင်ငံရေးလွှမ်းမိုးမှု ကန့်သတ်ချက်တွေကို စမ်းသပ်မှုဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။ ရွေးကောက်ပွဲမှာ မိုဒီအနိုင်ရခဲ့မယ်ဆိုရင် သူဟာ နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ ဂျဝါဟလာ နေရူး ပြီးရင် တိုင်းပြည်အာဏာကို တတိယသက်တမ်းအထိ ရယူနိုင်တဲ့ ဒုတိယမြောက် အိန္ဒိယခေါင်းဆောင်ဖြစ်လာမှာဖြစ်ပါတယ်။

စစ်တမ်းအများစုရဲ့ ခန့်မှန်းချက်အရလည်း အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီနဲ့ သြဇာကြီး ဒေသန္တာရပါတီတွေ ဦးဆောင်တဲ့ ကျယ်ပြန့်သော အတိုက်အခံမဟာမိတ်အဖွဲ့ကို မိုဒီနဲ့ သူ့ရဲ့ ဟိန္ဒိူအမျိုးသားရေး BJP ပါတီက အနိုင်ရမယ်လို့ ထွက်ပေါ်နေခဲ့ပါတယ်။

INDIA လို့ခေါ်တဲ့ အတိုက်အခံ မဟာမိတ်အဖွဲ့က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အိန္ဒိယကို ဘယ်သူဦးဆောင်မယ်ဆိုတာ မရှင်းမလင်းရှိနေခဲ့ပါတယ်။ ပါတီပေါင်း ၂၀ ကျော်ပါတဲ့ အတိုက်အခံအဖွဲ့ဟာ ရှေ့ဆောင်ဦးရွက် ကိုယ်စားလှယ်တစ်ဦးကို ရွေးထားခြင်းမရှိဘဲ မဲရလဒ်တွေ သိပြီးရမှသာ ဦးဆောင်သူတစ်ယောက်ကို ရွေးချယ်သွားမယ်လို့ ဆိုထားကြပါတယ်။

Ref: The Straits Times, AP


LEAVE A REPLY

Please enter your comment!
Please enter your name here