အစ္စရေး ဒုံးကျည်များ အီရန်ရှိ နယ်မြေတစ်ခုကို ထိမှန်ဟု အမေရိကန် မီဒီယာ ဖော်ပြ

0
343

အစ္စရေး ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေ အီရန်ရှိ နယ်မြေတစ်ခုကို ထိမှန်ခဲ့တယ်လို့ အမေရိကန် အရာရှိတစ်ဦးကို ကိုးကားပြီး ဧပြီ ၁၈ ညပိုင်းမှာ အမေရိကန်မီဒီယာက သတင်းဖော်ပြခဲ့စဉ် နိုင်ငံရဲ့ အလယ်ဗဟိုဒေသမှာ ပေါက်ကွဲသံတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။ အီရန်က အစ္စရေးအပေါ် ဒရုန်းနဲ့ ဒုံးကျည်တွေ စေလွှတ်ကာ လက်တုန့်ပြန်တိုက်ခိုက်မှုလုပ်ခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုဖြစ်စဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အီရန်ရဲ့ အစ္စဖာဟန်မြို့က လေဆိပ်တစ်ခုမှာ ပေါက်ကွဲသံကြားရတာဖြစ်တယ်လို့ အီရန် Fars သတင်းဌာနက ဖော်ပြခဲ့ပေမယ့် ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို လတ်တလောမသိရသေးဘူးလို့ ဆိုခဲ့ပါတယ်။ အစ္စဖာဟန်ပြည်နယ်မှာ အီရန် နျူကလီးယားသန့်စင်ရေး အစီအစဉ်ရဲ့ ဗဟိုချက်ဖြစ်တဲ့ Natanz နျူကလီးယားနယ်မြေအပါအဝင် အီရန်နျူကလီးယားနယ်မြေများစွာ တည်ရှိနေတာဖြစ်ပါတယ်။

အီရန်တာဝန်ရှိသူတွေကတော့ အီရန်နိုင်ငံကို ဒုံးကျည်တိုက်ခိုက်လာမှုမျိုး မရှိခဲ့ကြောင်း ရိုက်တာကို ပြောဆိုပြီး အစ္စဖာဟန်မှာ ကြားခဲ့ရတဲ့ ပေါက်ကွဲသံတွေဟာ အီရန် လေကြောင်းကာကွယ်ရေးစနစ် ပစ်လွှတ်ခဲ့မှုက ထွက်လာတဲ့ ပေါက်ကွဲသံတွေလို့ ယူဆကြောင်း ဆိုခဲ့ကြပါတယ်။ အစ္စဖာဟန်ပြည်နယ်မှာရှိတဲ့ နျူကလီးယားစက်ရုံနယ်မြေတွေ ထိခိုက်တာမျိုး မရှိကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံဋ္ဌာနကလည်း ဆိုခဲ့ပြီး အစ္စဖာဟန်မှာ တပ်ဆင်ထားတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေက သံသယဖြစ်ဖွယ် ဒရုန်းတွေကို တိုက်ထုတ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ ဧပြီ ၁၉ ရက် အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတိပေးဥသြသံတွေဟာ မှားယွင်း အချက်ပေးသံတွေဖြစ်တယ်လို့ အစ္စရေးစစ်တပ်ကလည်း ပြောဆိုပါတယ်။ အီရန်ကို အစ္စရေးက တိုက်ခိုက်ပြီဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အချက်ပေးဥသြသံတွေ သိပ်မကြာခင်မှာ ရပ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေကြောင့် အီရန်က အစ္စဖာဟန်၊ ရှီရက်ဇ်နဲ့ တီဟီရန်မြို့ပေါ်က ဖြတ်သန်းတဲ့ လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်တယ်လို့လည်း နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here