အပူချိန်မြင့်တက်နေသည့် မကွေး ၊ မန္တလေးနှင့်စစ်ကိုင်းတိုင်း နှင့် ဒေသအချို့၌ မိုးရွာတော့မည်

0
261

စံချိန်တင် အပူချိန်များ မြင့်တက်နေသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ မကွေး ၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့အပါအဝင် ဒေသအချို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဧပြီ (၁၉)ရက် နံနက်(၇) နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဧပြီလ (၁၉)ရက် နံနက်ပိုင်းတွင် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။

ယနေ့ ဧပြီ (၁၉)ရက် ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ် မိုးဇ/လ က ထုတ်ပြန်အသိပေးထားသည်။

ထို့အပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄) ပေမှ (၇) ပေခန့် ရှိနိုင်ကြောင်း သိရသည်။

နေပြည်တော်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင်လည်း တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here