ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲရှောင်လာသည့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

0
106

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်ကျေးရွာများကို စွန့်ခွာ၍ တိုက်ပွဲရှောင်လာသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ မိုင်းနားကျေးရွာ၊ မိုင်းနား စိန့်ဂျိုးဇက် (RC) စခန်းသို့ ယာယီတိမ်းရှောင်လာသည့် အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ဧပြီ(၁၇) ရက် ညနေပိုင်းက သွားရောက်တွေ့ဆုံအားပေးခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ သွားရောက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလည်းပါဝင်ကြောင်း သိရသည်။

လတ်တလော နယ်မြေအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာပြီး ယခုလို လာရောက်ခိုလှုံနေထိုင်သည့်အတွက် နေထိုင်စားသောက်မှု အခက်အခဲနှင့် လိုအပ်ချက်များကြုံတွေ့နေရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ 

သို့ဖြစ်၍ လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး လာရောက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်၊ အောင်မြေ (၁) ၊ အောင်မြေ(၂)၊ နောင်စီပေါ၊ ကဇူး၊ ဒဘတ်ယန်၊ ဂါးရာယန်၊ တာလောကြီး၊ ခါးရှိ၊ နောင်ပတိန်းနှင့် ဝါးရှောင်ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသည့် အိမ်ထောင်စု (၁၂၆)စု၊ လူဦးရေ (၅၁၇)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အိမ်ထောင်စုများနှင့် စခန်းတာဝန်ခံများက စခန်းအတွင်း နေထိုင်စားသောက်ရာတွင် သောက်သုံးရေ လိုအပ်ချက်များ၊ နေအိမ်လိုအပ်ချက်များနှင့် အခက်အခဲများကို ရင်ဖွင့်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ၏ လိုအပ်ချက်များအပေါ် အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ထပ်တိုးရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် မခေါယန်ကျေးရွာအတွင်းရှိ RC အသင်းတော်ပိုင်ဝင်းအတွင်း ယာယီခိုလှုံရာ နေအိမ်တန်းလျားများ တည်ဆောက်နေမှုကို တာဝန်ရှိသူများနှင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here