အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်းထောင်ချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရပြီး အနီးဝန်းကျင်ရှိ လေဆိပ်တစ်ခု ပိတ်လိုက်ရ

0
70

အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်တစ်လုံး ငါးကြိမ်တိုင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် ကြာသပတေးနေ့(ဧပြီ ၁၈) မှာ ကယ်ဆယ်ရေးသမားတွေက လူဦးရေ ထောင်နဲ့ချီကို ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေ လုပ်ပေးနေခဲ့ကြောင်း သိရပါတယ်။ အာဏာပိုင်တွေက မီးတောင်အနီးဝန်းကျင်က လေဆိပ်ကို ပိတ်ဖို့ညွှန်ကြားခဲ့သလို ချော်ရည်နဲ့ ကျောက်ဆိုင်ကျောက်ခဲအပိုင်းအစတွေ ပြိုကျမှုကြောင့် ဆူနာမီလှိုင်းလုံး ဖြစ်ပေါ်လာနိုင်မှုအတွက်လည်း သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၁၇ ရက်မှာ လေးကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် Mount Ruang မီးတောင်ထိပ်ဝကနေ ချော်ရည်တွေနဲ့အတူ မီးတောက်တွေ လျှံကျလာခဲ့ပြီး အာဏာပိုင်တွေက သတိပေးချက်အဆင့်ကို အမြင့်ဆုံး သတ်မှတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ အပြင်ဘက်စွန်းဒေသမှာ တည်ရှိတဲ့ မီးတောင်ဟာ ဧပြီ ၁၇ ရက် မနက်ပိုင်းမှာ မီးခိုးလုံးတွေ ဆက်တိုက်မှုတ်ထုတ်ခဲ့ပြီးနောက် အာဏာပိုင်တွေက ဆူလာဝေစီကျွန်းရှိ မီးတောင်အနီးနားက မန်နာဒိုနိုင်ငံတကာလေဆိပ်ကို ၂၄ နာရီကြာ ပိတ်ထားဖို့ ညွှန်ကြားခဲ့ကြပါတယ်။

ဒီဖြစ်စဉ်ကြောင့် လူဦးရေ ၂၀၀၀၀ ဝန်းကျင်နေထိုင်ရာ ဝေးလံသီခေါင်ကျွန်းတစ်ခုဖြစ်တဲ့ Tagulandang အပါအဝင် အနီးဝန်းကျင် ဧရိယာတွေက ဒေသခံ ၁၁၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ တာဝန်ရှိသူတွေ အပူတပြင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ထိတ်လန့်ကြောက်ရွံ့နေတဲ့ အချို့ဒေသခံတွေကတော့ အစောပိုင်းတည်းက ထွက်ပြေးခဲ့ကြကြောင်းလည်း ဒေသတွင်း ရှာဖွေကယ်ဆယ်ရေးအေဂျင်စီတစ်ခုမှ အရာရှိဖြစ်သူ မစ္စတာ ဂျန်ဒရီ ပေအန်ဒွန်က ဧပြီ ၁၈ ရက်ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

မီးတောင်အနီးဝန်ကျင်ရှိ ကမ်းရိုးတန်းတလျှောက်က ဒေသခံတွေကို ရော်ဘာလှေတွေနဲ့ ကယ်ထုတ်ရာမှာ ဝန်ထမ်း ၂၀ လောက်က ကူညီဆောင်ရွက်ပေးနေတယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။ ခြောက်ကီလိုမီတာ တားမြစ်ဇုန်ရဲ့ ပြင်ပမှာ ဆက်နေကြဖို့ ခရီးသွားတွေနဲ့ ဒေသခံတွေကို သတိပေးထားကြောင်းလည်း သိရပါတယ်။

မီးတောင်မှာ အင်္ဂါနေ့ညနေပိုင်းမှာ ပထမဆုံးစ ပေါက်ကွဲခဲ့ပြီး ဧပြီ ၁၇ မှာတော့ နောက်ထပ် လေးကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ဆူနာမီလှိုင်းဖြစ်ပေါ်လာနိုင်ခြေကိုလည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

၂၀၁၈ ခုနှစ်က ဂျာဗားနဲ့ ဆူမာတြားကျွန်းတွေကြားရှိ Anak Krakatoa မီးတောင် ကြီးကြီးမားမား ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးတောင် ကျောက်ဆိုင်ကျောက်ခဲတွေ သမုဒ္ဒရာအတွင်း လျှောကျခဲ့သလို မီးတောင်၀ တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ခဲ့ပါတယ်။ ဆူနာမီလှိုင်းလည်း ပေါ်ပေါက်ခဲ့တဲ့ ယင်းဖြစ်စဉ်အတွင်း လူ ၄၀၀ ကျော် သေဆုံးကာ ထောင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here