အီရန်အပေါ် တုန့်ပြန်မှုပုံစံကို အစ္စရေးကိုယ်တိုင် ဆုံးဖြတ်သွားမှာဖြစ်ကြောင်း နေတန်ယာဟု ပြောဆိုပြီး နားချမှုတွေကို ငြင်းပယ်

0
239

သူ့နိုင်ငံဟာ အီရန်ရဲ့ အကြီးစားလေကြောင်းတိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သွားမလားဆိုတာနဲ့ ဘယ်ပုံဘယ်နည်း တုန့်ပြန်မှာလဲဆိုတာကို ဆုံးဖြတ်ရမယ့်သူတစ်ဦးဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပြီး ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ စိတ်ချုပ်တည်းဖို့ရာ အနီးကပ်မဟာမိတ်တွေရဲ့ နားချမှုတွေကို ပယ်ချခဲ့ပါတယ်။

အီရန်ရဲ့ မကြုံစဖူးတိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်သွားမယ်လို့ အစ္စရေးက အချိန်နဲ့ ဘယ်ပုံစံ လက်တုန့်ပြန်မယ်ဆိုတာ မပါဘဲ ကြုံးဝါးခဲ့ပြီး လက်ရှိဂါဇာစစ်ပွဲကြောင့် လအတော်ကြာအောင် မငြိမ်မသက်ဖြစ်နေခဲ့တဲ့ ဒေသမှာ အခြေအနေတွေပိုမိုပြင်းထန်လာမယ့်အနေအထားဖြစ်လာစေပါတယ်။

အခြေအနေတွေ ရှုပ်ထွေးကျယ်ပြန့်လာစေနိုင်တဲ့ တုန့်ပြန်မှုမျိုးတွေကို ချုပ်ထိန်းထားဖို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းမှစကာ အစ္စရေးရဲ့ မဟာမိတ်တွေက တိုက်တွန်းတောင်းဆိုတာတွေ လုပ်နေခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ခရီးစဉ်အတွင်း ဗြိတိန်နဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးတွေက ယင်းသို့ တောင်းဆိုမှုတွေကို ထပ်မံပြုလုပ်ခဲ့ကြပါတယ်။

၎င်းတို့ပိုင်နက်ကို အသေးငယ်ဆုံး ကျုးကျော်ဝင်ရောက်မှုမျိုးကိုတောင် ကြီးမား ပြင်းထန်တဲ့ တုန့်ပြန်မှုမျိုး ကြုံရစေမယ်လို့  အီရန်သမ္မတက သတိပေးခဲ့အပြီးမှာ အခုလို သံတမန်ရေးဖိအားတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယင်းသို့ရှိစဉ်မှာပဲ ဗုဒ္ဓဟူးနေ့က အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာတို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ပြင်းထန်နေပြီး အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေ၊ ဒရုန်းတွေများစွာနဲ့ ပစ်လွှတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ ယင်းတိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၁၄ ဦး ထက်မနည်းဒဏ်ရာရခဲ့ပြီး ခြောက်ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ စစ်တပ်က ပြောဆိုပါတယ်။ ယင်းအတွက် လက်ဘနွန်အတွင်းက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို တုန့်ပြန်တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့လည်း စစ်တပ်က ဆက်လက် ပြောဆိုသွားပါတယ်။

Ref: abc news


LEAVE A REPLY

Please enter your comment!
Please enter your name here