အစ္စရေးကို အီရန်က လေကြောင်းမှ တိုက်ခိုက်မှု စင်္ကာပူ ပြစ်တင်ရှုံ့ချ

0
78

စင်္ကာပူ၊ဧပြီ ၁၄

ယခုလအစောပိုင်းက ဒမတ်စကတ်ရှိကောင်စစ်ဝန်ရုံးအား အစ္စရေးက လေကြောင်း မှ တိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးကို ဒရုန်းများ ၊ ဒုံးကျည်များဖြင့် လေကြောင်း မှ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်း အား စင်္ကာပူက ပြစ်တင် ရှုံ့ချကြောင်းပြောကြားခဲ့သည်။

“အခုလိုပုံကြီးချဲ့ပြီးေတာ့ လက်တုန့်ပြန်တာက နဂိုက တည်းက တင်းမာနေပြီးသား ဖြစ်နေတဲ့ ဒေသကို ပိုတင်းမာပြီးမတည်မငြိမ်ဖြစ်စေပါတယ်” ဟုလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

အီရန်က ရာနှင့်ချီသောဒရုန်းများနှင့်ဒုံးကျည်များကို  အစ္စရေးပိုင်နက်အတွင်းသို့ပစ်လွှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် ဧပြီလအစောပိုင်းက ဒမတ်စကတ်ရှိကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုအတွက်လက်တုန့်ပြန်ခြင်းဖြစ်ကြောင်းတရားဝင်ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း၌ မတည်မငြိမ်ဖြစ်စေသော ဂါဇာကမ်းမြောင်စစ်ပွဲ၏အခြေအနေများနှင့် ပိုမိုဆိုးရွားလာမည့် ပဋိပက္ခများအတွက် စင်္ကာပူအနေဖြင့် အထူးတလည် စိုးရိမ် မကင်းဖြစ်မိကြောင်း ကို ပြောကြားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် ပဋိပက္ခ ကို ပို၍ ပြင်းထန်လာစေမည့် လုပ်ရပ်များမှ ရှောင်ရှား ကြပါရန်လည်း အလေးအနက်တိုက်တွန်းခဲ့သည်။

ထို့အတူ စင်္ကာပူနိုင်ငံသားများကိုလည်း အီရန်သို့ခရီးသွားလာခြင်းကို  တတ်နိုင်သမျှရှောင်ရှားရန်နှင့် အီရန်ရှိစင်္ကာပူနိုင်ငံသားများအနေဖြင့်လည်း နိုးနိုးကြားကြားနေထိုင်ကာ အခြေအနေကိုအဆက်မပြတ်စောင့်ကြည့်နေထိုင်ကြရန်လည်းတိုက်တွန်းထားသည်။

အရေးပေါ်အခြေအနေအတွက် အီရန်၌ စင်္ကာပူ၏သံတမန်ရေးရာအစီအစဉ်များ ကို ချမှတ် ဆောင်ရွက်ထားခြင်းမရှိသဖြင့်  အီရန်ရှိစင်္ကာပူနိုင်ငံသားများအနေဖြင့် လိုအပ်ပါက ဆက်သွယ်ကူညီနိုင်ရန် e – register ပြုလုပ်ထားကြပြီး ဆက်သွယ်အကူအညီတောင်းခံနိုင်မည့် လိပ်စာများကိုပါထည့်သွင်းဖော်ပြပေးထားသည်။

အစ္စရေးဘက်ကမူ ဒမတ်စကတ်ရှိ အီရန်၏ကောင်စစ်ဝန်ရုံးအား တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ ငြင်းလည်းမငြင်းထားသလို ဝန်ခံထားခြင်းမျိုးလည်းမရှိပေ။

Source : စီအင်န်အေ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here