အစ္စတန်ဘူလ်ရှိ ပြုပြင်နေဆဲ နာမည်ကျော် နိုက်ကလပ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး သေဆုံး

0
119

တုကီ​ယေး (တူရကီ)နိုင်ငံ မြို့တော် အစ္စတန်ဘူလ်ရှိ ပြုပြင်နေဆဲ နာမည်ကျော်နိုက်ကလပ်တစ်ခု အင်္ဂါနေ့က မီးလောင်မှုဖြစ်ခဲ့တာကြောင့် အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေ အဆောက်အအုံအတွင်း ပိတ်မိခဲ့ပြီး လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပြီး နိုက်ကလပ်ရဲ့ မန်နေဂျာအပါအဝင် လူများစွာကို ထိန်းသိမ်းလိုက်ကြောင်း သိရပါတယ်။

ဖြစ်စဉ်အတွင်း ဒဏ်ရာအပြင်းအထန်ရခဲ့သူတစ်ဦးကိုလည်း ဆေးရုံမှာ ကုသမှုပေးထားတယ်လို့ အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုပါတယ်။

ပြင်ဆင်မှုတွေလုပ်နေတာကြောင့် ပိတ်ထားခဲ့တဲ့ အခင်းဖြစ် Masquerade နိုက်ကလပ်ဟာ
ဘက်ရှီးတပ်စ်ခရိုင်ရဲ့ ၁၆ လွှာမြင့်အဆောက်အအုံ အောက်ထပ်နဲ့ မြေညီထပ်မှာ တည်ရှိတာဖြစ်ပါတယ်။ မီးဟာ အဆောက်အအုံရဲ့ ၃ လွှာအထိ လောင်ကျွမ်းခဲ့ပြီးနောက် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းနဲ့ သေဆုံးခဲ့သူတွေဟာ အဆောက်အအုံပြင်ဆင်မှုမှာ ပါဝင်လုပ်ကိုင်နေသူတွေလို့ ယုံကြည်ရကြောင်း အုပ်ချုပ်ရေးမှူး ဒါဗတ်ဂူးလ်က ပြောဆိုပါတယ်။ သေဆုံးခဲ့သူတွေထဲကတစ်ဦးဟာ နိုက်ကလပ်ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ပုဂ္ဂလိက သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ DHA က ဖော်ပြပါတယ်။

နောက်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ NTV ကလည်း သေဆုံးသူအချို့ဟာ မီးလောင်မှုအတွင်းမှ ဆွဲထုတ်ကယ်ဆယ်ခဲ့အပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ဖို့အတွက် ကလပ်မန်နေဂျာနဲ့ ပြင်ဆင်မှုလုပ်ငန်း တာဝန်ရှိသူတစ်ဦး အပါအဝင် လူ ၈ ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တယ်လို့ ဂူးလ်ရဲ့ ရုံးက ထုတ်ပြန်ပါတယ်။

မီးလောင်မှုဖြစ်စဉ်ကို စစ်ဆေးဖို့အတွက် ရှေ့နေသုံးဦးနဲ့ စုံစမ်းစစ်ဆေးရေးမှူးများစွာကို အစိုးရက တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။

ဧည့်သည် ၄၀၀၀ ဆံ့ ယင်း နိုက်ကလပ်ကို မွတ်ဆလင်ဥပုသ်လမှာ ပိတ်ထားခဲ့တယ်လို့ ကလပ်ရဲ့
ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ပိုင်ရှင်တွေက နောက်သီတင်းပတ် အိဒ်အားလပ်ရက်အမီ ကလပ်ကို ပြင်ဆင်မှုတွေ ပြီးစီးအောင်လုပ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here