ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုအတွက်အီရန်က အစ္စရေးကို လက်စားချေမည်ဟု ကြုံးဝါး

0
135

ဆီးရီးယားနိုင်ငံရှိ သံရုံးအဆောက်အအုံကို တနင်္လာနေ့မှာ အစ္စရေးလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွက် လက်စားပြန်ချေသွားမယ်လို့ အီရန်က ကြုံးဝါးခဲ့ပါတယ်။ ဂါဇာစစ်ပွဲအရေးနဲ့ ပတ်သက်ပြီး ဒေသတွင်း တင်းမာမှုအရှိန်မြင့်နေချိန်မှာ လူအသေအပျောက်ရှိ​သော ယခု တိုက်ခိုက်မှုကြောင့် ပိုဆိုးလာမယ့် အရှေ့အလယ်ပိုင် ပဋိပက္ခတစ်ခုပေါ်ပေါက်သွားနိုင်တဲ့ အန္တရာယ်ပိုကြီးလာပြန်ပါတယ်။

မြို့တော် ဒမတ်စကတ်ရှိ ကောင်စစ်ဝန်ရုံးအဆောက်အအုံဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အီရန် တော်လှန်ရေးအစောင့်တပ်(IRGC) ရဲ့ ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်တဲ့ မိုဟာမက် ရီဇာ ဇာဟီဒီနဲ့ အကြီးတန်းတပ်မှူးတစ်ဦး မိုဟာမက် ဟာဒီဟာဂျေ ရာဟီမီ အပါအဝင် အရာရှိ ၇ ဦး သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုအတွင်း ဆီးရီးယားနိုင်ငံသား ၆ ဦးလည်း သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက အင်္ဂါနေ့(ဧပြီ ၂) မှာ သတင်းဖော်ပြပါတယ်။

IRGC ရဲ့ ကြည်းတပ်၊ လေတပ်တို့ရဲ့ တပ်မှူးဟောင်းဖြစ်သလို စစ်ဆင်ရေးဆိုင်ရာ ဒုတိယတပ်မှူးဖြစ်တဲ့ ဇာဟီဒီဟာ ၂၀၂၀ ပြည့်နှစ်က ဘဂ္ဂဒက်မှာ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ IRGC ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ကာဆန် ဆိုလိုင်မာနီနောက်ပိုင်း ပစ်မှတ်ထားသတ်ဖြတ်ခံရတဲ့ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို အစ္စရေးက ခွင့်ပြုမိန့်ပေးခဲ့တာဖြစ်တယ်လို့ အီရန်နဲ့ ဆီးရီးယားက စွပ်စွဲခဲ့ပြီး ဒီအတွက် ပြင်းထန်တဲ့ တုန့်ပြန်မှုလုပ်သွားမယ်လို့ တီဟီရန်က သတိပေးခဲ့ပါတယ်။ ထို့အတူ အီရန် ကျောထောက်နောက်ခံပြု အင်အားကြီး လက်ဘနွန် ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ကလည်း တိုက်ခိုက်မှုနဲ့ ကိုက်ညီတဲ့ ပြစ်ဒဏ်နဲ့ လက်စားချေမှုလုပ်ဆောင်သွားမယ်လို့ ဆိုခဲ့ပါတယ်။ အစ္စရေးကို ပံ့ပိုးကူညီနေတဲ့ အမေရိကန်အနေနဲ့ အဖြေရှိလိမ့်မယ်လို့လည်း အီရန်က ဆိုခဲ့ပါတယ်။

အီရန်သြဇာကြီခေါင်းဆောင် အယာတိုလာ အလီခါမေနီက တိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်ပေးသွားမယ်လို့ ဆိုခဲ့ပြီး သမ္မတ အီဘရာဟင် ရိုင်စီက ဒီကိစ္စ ဒီအတိုင်းပြီးသွားမှာမဟုတ်ဘူးလို့ ပြောဆိုကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာန IRNA က ဖော်ပြခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကတော့ နိုင်ငံခြားသတင်းဋ္ဌာနတွေရဲ့ သတင်းထုတ်ပြန်မှုတွေအပေါ် မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ သို့ပေမယ့် ပစ်မှတ်ထားခဲ့တဲ့ အဆောက်အအုံဟာ IRGC ရဲ့ ပြည်ပစစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ Quads တပ်ဖွဲ့ရဲ့ စစ်ဘက်အဆောက်အအုံတစ်ခုဖြစ်တယ်လို့ အစ္စရေးက ယုံကြည်တယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here