တရုတ်နိုင်ငံအတွင်းသို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ဝင်ရောက်မည့်သူ သိန်းနှင့်ချီရှိ နေဟုဆို

0
155

ဥပ​ဒေအရ တပတ်ကတ်ပြပြီးအလုပ်လျှောက်၍မရ၊စာအုပ်အနီကိုင်ထားမှရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံ ရွှေလီဘက်ခြမ်းသို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP)ဖြင့် ဝင်ရောက်မည့် မြန်မာနိုင်ငံသား သိန်းနှင့်ချီ၍ ရှိနေကြောင်း မူဆယ်ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ကိုဗစ်ကာလအတွင်းက စတင်ကာ (၃) နှစ်ဝန်းကျင် ရပ်နားထားခဲ့သည့်နယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ် ချက်များကို နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းမှုဖြင့် ပြီးခဲ့သည့် နှစ်အတွင်းက ပြန်လည်ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ နေ့စဉ် ရာနှင့်ချီကာ တရုတ်နိုင်ငံအတွင်း ဝင်ရောက်နေကြခြင်း ဖြစ်သည်။

တရုတ်အစိုးရ၏ အလုပ်အကိုင်မူဝါဒအရ အဆိုပါ ယာယီနေထိုင်ခွင့်ကတ် ကိုင်ဆောင်ထားသူများကို အလုပ်ခန့်ခွင့်မရှိသော်လည်း တရုတ်လုပ်ငန်းရှင်များက နားလည်မှုဖြင့် အလုပ်ခိုင်းစေနေကြခြင်းဖြစ်သည်။

အဆိုပါ နယ်စပ်ဖြတ်ကျော်ခွင့် ကိုင်ဆောင်ထားသူများအနေဖြင့် တရုတ်နိုင်ငံဘက်ခြမ်း ‌ကျယ်‌ခေါင် ရွှေလီမြို့ ဧရိယာ အတွင်း၌ (၇) ရက်သာ နေထိုင်ခွင့်ရှိပြီး သတ်မှတ်ရက် ပြည့်ပါက မိမိဝင်ရောက်ခဲ့သည့် ဂိတ်တွင် ကတ်ပြန်လျှောက်ပြီးမှသာ နောက်တစ်ကြိမ် ဝင်ရောက်ခွင့်ရှိမည်ဖြစ် ‌သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံအတွင်းသို့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့် ဝင်ရောက်အလုပ်လုက်ကိုင်သူများအနေဖြင့် တရုတ်နိုင်ငံအတွင်း ရက်ကျော်နေထိုင်ခြင်းများရှိနေခြင်းကြောင့် ဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။

“ဆင်ဖြူဂိတ်ရော၊ နန်းတော်ဂိတ်မှာရော လူသိန်းနဲ့ချီရှိတယ် ။ အချို့က တစ်ပတ်ကတ်နဲ့ ကူးပြီးမှ အလုပ်ရှာကြတယ်။ အမှန်က အဲဒီကတ်ပြပြီးလည်း အလုပ်လျှောက်လို့မရပါဘူး။ တရားဝင်အလုပ်လျှောက်မယ်ဆိုရင် စာအုပ်အနီကိုင်ထားးမှပဲရမယ်။ တပတ်ကတ်နဲ့သွားလျှောက်ရင်လည်း ဘယ်အလုပ်ရှင်ကမှ မခေါ်ဘူး။ သူတို့ဥပဒေရှိတယ်လေ”ဟု မူဆယ် ဒေသခံတစ်ဦးက ရှင်းပြသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း ရွှေလီဘက်အခြမ်းရှိ စက်ရုံအလုပ်ရူံများတွင် တရားမဝင်  လာရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများအား အလုပ်ရှင်များဘက်က ပြန်လည်စေလွှတ်ခြင်းများရှိခဲ့ကြောင်း သိရသည်။

” မူဆယ်ဘက်တော့ပြန်လာတယ်။ ဒါပေမဲ့ အလုပ်အကိုင်ပြန်ရဖို့ စောင့်နေသူတွေလည်းရှိတယ်။ တရားဝင်ပြန်ရဖို့စာ အုပ်အနီလျှောက်ပြီး ပြန်ဝင်မယ့်သူတွေလည်းရှိနေတယ်။ တစ်ပတ်ကတ်ရဖို့ တန်းစီစောင့်နေရတဲ့ နေရာမှာလည်း ပွဲ စားတွေ၊ နေရာဦးပေးတဲ့ သူတွေရှိလို့ ပြဿနာတွေအများကြီးပါ။ တရုတ်ဘက်က အလုပ်ရှင်ရဲ့တရားဝင်ခေါ်စာမရရင် ရွှေလီဘက်မကူးတာ အကောင်းဆုံးပါ”ဟု ၎င်းက သတိ ပေးသည်။

လက်ရှိတွင် တရုတ်ဘက်ခြမ်းသို့ ဝင်ရောက်မည့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနှင့် တစ်ပတ်ကတ် တုံကင် ယူရာ၌ အမှန်တကယ် ဝင်ရောက်မည့်သူများမဟုတ်ဘဲ နေရာဦး၍ ပြန်လည်ရောင်းစား‌နေခြင်းများလည်း ရှိနေကြောင်း  ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here