မိုးမောက်မြို့နယ်မှ နေရပ်စွန့်ခွာ ပြည်သူ (၇၀)ကျော် သောက်သုံးရေအခက်အခဲဖြစ်ပွား

0
75

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှတဆင့် ဗန်မော်မြို့သို့ နေရပ်စွန့်ခွာလာကြသည့် နေရပ်စွန့်ခွာပြည်သူ (၇၀)ကျော်ခန့်မှာ သောက်သုံးရေ အခက်အခဲဖြစ်ပွားနေကြောင်း ဒေသတွင်း နေရပ်ရှောင်ပြည်သူအရေးဆောင် ရွက်ပေးသူများထံက သိရသည်။

အဆိုပါ နေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု(၃၀)ရှိ လူဦးရေ (၇၀)ကျော်မှာ မိုးမောက် ၊ခါနန် ၊အလင်းကောင် ၊ မံပုံ စသည့် ရွာများမှ လာရောက်ခိုလှုံကြသူများဖြစ်ပြီး လက်ရှိတွင် ဗန်းမော်မြို့လေးထပ်ကျောင်းတိုက်အတွင်း ခိုလှုံနေကြရသူများဖြစ်ကြောင်း သိရသည်။

ထို့သို့ အခက်အခဲ ဖြစ်ပွားနေသည့်အတွက် ဧပြီ(၂)ရက်၌ သုံးရေအပါအဝင် သောက်ရေဘူး(၃၀)အား အလှူရှင်များကူညီထောက်ပံ့မှုဖြင့် သွားရောက်ထောက်ပံ့သွားခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့တွင် ဒေသတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြည်သူ ထောင်နှင့်ချီ လာရောက်ခိူလှုံနေကြရကာ လက်ရှိအချိန်အထိလည်း နေ့စဉ်လာရောက်ခိုလှုံနေသူများ ရှိနေကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူ သန်းနှင့်ချီရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက အသိပေးထားပြီး စားနပ် ရိက္ခာအပါအဝင် သောက်သုံးရေအခက်အခဲများလည်းဖြစ်ပွားနေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့အတွင်းရှိ နေရပ်စွန်ခွာပြည်သူများ သောက်ရေ သုံးရေအခက်အခဲများဖြစ်နေကြကြောင်း ဒေသတွင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here