ပြင်းအား ၇.၂ ပမာဏရှိ အင်အားပြင်း ငလျင်တစ်ခု ထိုင်ဝမ်အနီး လှုပ်ခတ်ခဲ့ပြီး ဂျပန် အိုကီနာဝါမှာ ဆူနာမီ သတိပေးချက် ထုတ်ပြန်

0
58

ဒီနေ့ (ဧပြီ ၃) မနက်ပိုင်းက ထိုင်ဝမ် အရှေ့ဘက်ကမ်းရိုးတန်းကမ်းလွန်အနီး ပြင်းအား ၇.၂ ပမာဏရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ ထိုင်ဝမ် ဗဟိုမိုးလေဝသဋ္ဌာနက ထုတ်ပြန်ပါတယ်။

အားပြင်းငလျင်ကြောင့် မြို့တော်တိုင်ပေ နေရာများစွာမှာ ဓါတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ရဲ့အဆိုအရ ထိုင်ဝမ်ရဲ့ ဟွာလီယန်မြို့တောင်ဘက် ၁၈ ကီလိုမီတာအကွာကို ဗဟိုပြုပြီး အနက် ၃၄.၈ ကီလိုမီတာခန့်ကနေ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီငလျင်ကြောင့် ဂျပန်နိုင်ငံမှာ ဆူနာမီလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ရပြီး အိုကီနာဝါကျွန်းရဲ့ တောင်ပိုင်းစီရင်စုအနီး ကမ်းရိုးတန်းဧရိယာမှာ နေထိုင်သူတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အကြံပြုချက်ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

ဂျပန် မိုးလေဝသဋ္ဌာနရဲ့ အဆိုအရ ဂျပန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်း ကမ်းရိုးတန်းတွေမှာ မနက် ၉ နာရီဝန်းကျင်လောက်အတွင်း အမြင့် ၃ မီတာရှိ ဆူနာမီလှိုင်းတစ်ခု ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းကြောင်း ဆိုခဲ့ပါတယ်။

ဂျပန်ရုပ်သံဋ္ဌာန NHK မှာ သတင်းကြေညာသူတစ်ဦးက “ဆူနာမီ လာနေပြီ ချက်ချင်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြပါ” “မရပ်နဲ့ နောက်ပြန်မကြည့်နဲ့” လို့ တိုက်တွန်းနေတာကို တွေ့ရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here