အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ သာဝတ္ထိ၌ ကျင်းပသည့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ဓမ္မသဘင်တရားပွဲနှင့် လှည့်လည်အပူဇော်ခံပွဲ အခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သိရသည်။
ထို အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ သာဝတ္ထိ၌ Lord Buddha Welfare Foundation Bharat က ဦးစီး၍ မတ်လ (၃၀) ရက်နှင့် (၃၁) ရက်နေ့များ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် သည်။
သံအမတ်ကြီးမှ မတ်လ (၃၀) ရက်၊ ညနေပိုင်းတွင် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ ကျင်းပသည့် ဆီမီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဗုဒ္ဓခရီးသွားလာရေး၊ ပညာရေးစင်တာနှင့် ပေ (၈၀) အမြင့်ရှိသော အသောကကျောက်တိုင် ပုံတူတည်ဆောက်မည့် Dhamma Sthali ကျေးရွာသို့ သွားရောက်၍ အသံမစဲ မဟာ
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဆီမီးထွန်းညှိဖွင့်လှစ်ပေးခဲ့ပြီး ဆရာတော်၊ သံဃာတော်များ ဟောကြားတော်မူသော တရားတော်များကို နာယူခဲ့သည်။
ထို့နောက် မတ်လ (၃၁)ရက်၊ နံနက်ပိုင်းတွင် ဇေတဝန်ကျောင်းတော်၌ သိဒ္ဓိတင်ထားသည့် နီပေါ၊ သီရိလင်္ကာ၊ ဗုဒ္ဓဂါယာနှင့် ကုသိနာရုံတို့မှ ပင့်ဆောင်ထားသော မဟာဗောဓိညောင်ပင်များနှင့် လုမ္ပနီအင်ကြင်း ပင်များကို ဆရာတော်၊ သံဃာ တော်၊ ဘိက္ခူနီများနှင့် အတူ သွားရောက်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပင့်ဆောင်၍ အခမ်းအနားကျင်းပမည့် Dhamma Sthali ကျေးရွာသို့ လှည့်လည် အပူဇော်ခံပြီးနောက် အသောကကျောက်တိုင်ပုံတူ တည်ဆောက်မည့်နေရာ ပတ်လည်တွင် မဟာဗောဓိညောင်ပင်များနှင့် လုမ္ပနီအင်ကြင်းပင်များကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ သီရိလာင်္ကာနိုင်ငံမှ ကြွချီလာသော သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် Ven. Pallengama Hemar athana Nayaka Thero နှင့် ဆရာတော်ကြီးများက ဗောဓိညောင်ပင် စိုက်ပျိုးခြင်းအကျိုးကျေးဇူးများနှင့် တရားတော်များကို ဟောကြားမှုကို နာယူခဲ့ကြကြောင်း သိရသည်။
ယင်းနောက် သံအမတ်ကြီးက အမှာစကားပြောကြားရာတွင် ပိဋကတ်သုံးပုံ ရွက်ဖတ်ပူဇော်ခြင်း၏ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓစာပေနှင့်ရွက်ဖတ်ပူဇော်မှု အလေ့အထများ၊ မြန်မာနိုင်ငံတွင် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲများ ကျင်းပပြုလုပ်နေမှု အခြေအနေနှင့် ပိဋကတ်တော်များကို နှုတ်ဖြင့် အလွတ်ရအာဂုံဆောင်နိုင်ပြီး သဘောတရားများကိုလည်း နားလည်သိမြင် ကျွမ်းကျင်နှံ့စပ်ကြသည့် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ပေါ်ထွက်လာမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ သီရိလင်္ကာနိုင်ငံမှ ဆရာတော်ကြီးများ၊ အိန္ဒိယနိုင်ငံမှဆရာတော်၊ သံဃာတော်များ၊ အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေထိုင်ကြသော မြန်မာနိုင်ငံမှ ဆရာတော်များအပါဝင် ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ တိဗက်နှင့် တောင်အာဖရိကနိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်၊ ဘိက္ခုနီများ စုစုပေါ င်း ၁၅၀ ပါး ခန့် ပါဝင်တက်ရောက်ခဲ့ပြီး တိဗက်လေ့လာရေးဗဟိုဌာန (Central Institute of Higher Tibetan Stu dies) မှ ကျောင်းသား၊ ကျောင်းသူများကလည်း တိဗက်ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
![](https://www.popularmyanmar.com/wp-content/uploads/2024/04/3320F43A-929C-404B-BBE7-A914F9B65C1E.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2024/04/16538459-FCD8-441A-BE68-65FB88F5B4DD.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2024/04/6ED9AC2E-617C-4D1A-B714-C90293674A3D.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2024/04/FF26BC36-C5D5-4F43-A41A-D1543389C000.jpeg)