ပက်ထရစ်ရှာ နဲ့ ဓာတ်ပုံတွေထဲကအမှတ်တရ

0
210

uu

ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့ သရုပ်ဆောင်ပက်ထရစ်ရှာက သူကလေးဘဝတုန်းက နာမည်ကြီးအနုပညာရှင်တွေနဲ့ အမှတ်တရဓာတ်ပုံများတွဲရိုက် ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဓာတ်ပုံထဲက တချို့အနုပညာရှင် တွေနဲ့လည်း ဇာတ်ကားတွေတွဲဖက် ရိုက်ကူးနေရပါပြီ။ ဒီလို အမှတ်တရဓာတ်ပုံတွေထဲက အကြောင်းကိုတော့ ပက်ထရစ်ရှာက…

” အဲဒီအကြောင်းကို မအူဝဲကို ပြောပြတယ်။ ကိုယ်တွေကလေး ဘဝခေတ်တုန်းက မင်းသမီးဆိုလို့ မအူဝဲတို့လောက်ပဲ ရှိသေးတာလေ။ မအူဝဲကို တစ်မိသားစုလုံး တအား ကြိုက်တယ်။ သူ့အိုက်တင်လေးတွေ၊ သူ့ဖက်ရှင်တွေ၊ သူ့ဆံပင်ကိုလည်း ကြိုက်တယ်။ သူ့ကို အရူးအမူးကြိုက်ခဲ့တယ်။ သူနဲ့တွေ့တော့ ဓာတ်ပုံ တွေရိုက်ကူးခဲ့တယ်။ ကိုယ်အသက် ကြီးလာတော့ သူနဲ့ ရွယ်တူလိုမျိုးတောင် ဇာတ်ကား ရိုက်ကူးနေရတယ်ဆိုတော့ မအူဝဲက တော်တော်နုတယ်။ ကိုယ်ကပဲ အသက်ကြီးလာတယ်၊ သူကဒီအတိုင်းပဲ” လို့ ပြောပြပါတယ်။ အနုပညာရှင်တွေနဲ့ ငယ်ငယ်ကတည်းက ဓာတ်ပုံတွေတွဲရိုက်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ မင်းသမီးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မတွေးထားမိခဲ့ကြောင်း လည်း ပက်ထရစ်ရှာက ပြောပါတယ်။

” တစ်ခါမှ မတွေးထားမိဘူး။ ငယ်ငယ်တုန်းက တီဗီကြော်ငြာတွေ ကြည့်ရင် မထက်ထက်မိုးဦးကို ကြိုက်တယ်။ သူ့လိုမျိုးလေးတွေ ဝတ် တယ်။ ကြော်ငြာထဲကအတိုင်း လိုက် လုပ်တယ်။ မှန်ရှေ့မှာ ငိုတာတွေ လည်း လုပ်တယ်။ ဒါပေမဲ့ ကိုယ့် ကိုယ်ကိုယ် ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ဘူး။ ငယ်ငယ်တုန်းက ဆိုရင် ကလေးဆိုပေမယ့် သူများ တွေလို ပဲမများဘူး။ ကျောင်းသွား ရင်လည်း ပါးကွက်နဲ့ ဆံပင်လေး စည်းပြီး နားရွက်က ကားကားလေးဆို တော့ အကုန်လုံးက ရုပ်ဆိုးတယ်လို့ ပြောကြတယ်။ မင်းသမီးဖြစ်လာ မယ်လို့ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုမှ မထင်ထားဘူး” လို့ ပြောပါတယ်။ အနုပညာလောကထဲမှာ ပက်ထရစ် ရှာရဲ့ အဒေါ်ဝမ်းကွဲ ဖြစ်သူကတော့ အကယ်ဒမီ မြတ်ကေသီအောင်ပဲ ဖြစ်ပါတယ်။ ငယ်စဉ်တုန်းက အဒေါ် ဖြစ်သူရဲ့ရိုက်ကွင်းတွေကို သွားရောက် ကြည့်ရှုဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။ မင်းသမီးဖြစ်တဲ့ အဒေါ်ကိုလည်း အားကျလေးစားမိကြောင်းကို ပက်ထရစ်ရှာက..

” အဒေါ်က မင်းသမီးဆိုတော့ ငယ်ငယ်တုန်းက သူနဲ့ပတ်သက်လို့ ပွဲတွေဘာတွေ လိုက်သွားရင် အနုပညာရှင်တွေ အများကြီးတွေ့ရ တယ်။ အန်တီမို့မို့မြင့်အောင်တို့နဲ့ လည်း တွေ့ရတယ်။ အရင်တုန်းက ရုပ်ရှင်ဆိုရင် ကန်ပေါင်မှာပဲ ရိုက်ကြတာလေ။ ငယ်ငယ်တုန်းက ဘယ်လောက်ဝါသနာပါလဲဆိုရင် ကျောင်း ဆင်းပြီဆိုတာနဲ့ ကန်ပေါင် ကိုသွားပြီး မင်းသား၊ မင်းသမီးတွေရဲ့ ရှုတင်တွေသွားသွားကြည့်တယ်။ သူ့ကို အားကျတာကျတော့ သူကသည်းခံ နိုင်တဲ့စိတ်ရှိတယ်။ အမြဲလည်း ညီမ ကိုဆုံးမတယ်။ ကိုယ့် စိတ်ထဲမှာရှိတဲ့ အတိုင်း မပြောနဲ့တဲ့။ တစ်ခုခုဆိုရင် မျိုသိပ်နိုင်တယ်။ ဘယ်လိုမနေနဲ့၊ ဘယ်လိုသည်းခံရမယ်ဆိုပြီး အမြဲဆုံးမပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလို ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပေါ့။ အဒေါ်ကလည်း ဆုံးမသင့်တာကို ဆုံးမတာပဲ။ တစ်ဖက်တစ်လမ်းက ကူညီပေးတာပေါ့။ ကျန်တဲ့အပိုင်းကတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားရမှာပေါ့။ ညီမခံယူထားတာတော့ ညီမ အားကျရတဲ့ ရှေ့ကစီနီယာတွေအတိုင်းပဲ ဖြစ်ချင်ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here