မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှု ကဏ္ဍတွင် ပဲနှင့် ဆန်/ဆန်ကွဲကို လက်ရှိတွင် တင်ပို့နိုင်ခြင်း မရှိသေးသော်လည်း အခြားပို့ကုန်များ ပုံမှန်အတိုင်း တင်ပို့နေကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လမှစပြီး ပို့ကုန်ရငွေ ရာခိုင်နှုန်း သတ်မှတ်ချက် အပြောင်းအလဲကြောင့် နယ်စပ်ဆန်၊ ဆန်ကွဲတင်ပို့မှုမှာ ရာနှုန်းပြည့်တင်ပို့နိုင်ခြင်းမရှိတော့ဘဲ မေလ တတိယပတ်အတွင်း၌ ပဲတင်ပို့မှုတွင်လည်း နယ်ကျော်တင်ပို့သည်ဟုဆိုကာ တရုတ်နိုင်ငံဘက်မှ ချိတ်ပိတ်မှုများ ကြောင့် ကုန်သည်များအနေဖြင့် အခက်အခဲများရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ အခက်အခဲများ ရှိနေသည့်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပဲတင်ပို့မှုပြန်လည်များပြားလာစေရေး တရုတ်နိုင်ငံ၊ ရွှေလီအုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဆန်၊ ဆန်ကွဲက လွဲရင် ကျန်တဲ့ ကုန်တွေကတော့ ပုံမှန်အတိုင်းလေးသွားနေတယ်။ ဖရဲ/သခွားကတော့ ရှားသွားပြီ။ အခု သရက်သီးရာသီဆိုတော့ သရက်သီးကားတွေကတော့ သွားနေတယ်။ တရုတ်ဘက်ကလည်း သွင်းကုန်တွေက ပုံမှန်ဝင်ပါတယ်”ဟု မူဆယ် ၁၀၅ မိုင်ဇုန်မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးမင်းသိမ်းက ပြောသည်။
လက်ရှိတွင် မြန်မာဘက်မှ တရုတ်ဘက်သို့ နေ့စဉ်ကုန် ကား အစီးရေ (၁၀၀) ကျော်ခန့်တရုတ်ဘက်သို့ ဝင်ရောက်နေပြီး တရုတ်ဘက်မှ အစီးရေ (၁၀၀) ဝန်းကျင်ခန့် မြန်မာဘက်သို့ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အစ တစ်လအတွင်း မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ကျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီ၊ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာသန်း ၄၃၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၉၀ ကျော် ပိုမိုဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။
