5 Star အဖွဲ့ရဲ့ တေးစီးရီးခွေကိုတော့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလထဲမှာ ထွက်ရှိဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီစီးရီးခွေကိုတော့ စီစဉ်နေတာ ၁နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပြီး CD နဲ့ DVD တစ်ပြိုင်တည်းထွက်ရှိမှာဖြစ်ပါတယ်။ တစ်ခွေလုံးကိုတော့ 5 Star အဖွဲ့ရဲ့ လူရွှင်တော် မျောက်ရှုံးက ရေးစပ်ထားပြီး အဖွဲ့ လိုက်အနေနဲ့ရော၊ တစ်ယောက်ချင်းစီအနေနဲ့ပါ သီဆိုထားကြတယ်လို့ 5 Star အဖွဲ့မှ လူရွှင်တော် အောင်သော်က ပြောပါတယ်။
” စီးရီးခွေနာမည်ကိုတော့ 5 Star Today လို့ အမည်ပေးထားပါတယ်။ အစ်ကိုတို့ အဖွဲ့လိုက်ဆိုထားတာက ၃ ပုဒ်ပါတယ်။ တစ်ပုဒ်က လူရွှင်တော်ကြီးတွေအတွက် ဂုဏ်ပြုသီဆိုထားတာပါ။ နောက်နှစ်ပုဒ်က လူငယ်လူရွှင်တော်တွေ အတွက်ရယ်၊ ပရဟိတသီချင်းတစ်ပုဒ်ရယ်ပါမယ်။ ပြီးတော့ အစ်ကိုတို့ 5 Star အတွက် သီချင်းတစ်ပုဒ်ပါမယ်။ 5 Star အတွက်သီချင်းကကျတော့ တစ်ယောက်နဲ့တစ်ယောက် လူစုံပြီဆိုရင် ရန်တွေဖြစ်တဲ့ အကြောင်းတွေ ရေးထားတာပါ။ တစ်ယောက်ချင်းစီဆိုထားတဲ့ သီချင်းတွေလည်းပါမယ်။ ပရဟိတသီချင်း နာမည်ကတော့ စီးရီးခွေရဲ့ Title ဖြစ်တဲ့ Today လို့ အမည်ပေးထားတယ်” လို့ စီးရီးခွေနဲ့ပတ်သက်ပြီး အောင်သော်က ပြောပါတယ်။ အခွေရဲ့ ဒီဗီဒီကိုတော့ ဒါရိုက်တာ မောင်သီ၊ လူရွှင်တော် နောက်တိုး၊ လူရွှင်တော်အောင်သော်၊ ကိုရဲထွဋ်၊ ယုန်လေးတို့က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေကတော့ 5 Star အဖွဲ့အပြင် တခြားလူရွှင် တော်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ စီးရီး ခွေထွက်ရှိတဲ့ အခါမှာ ပရိုမိုးရှင်းကိုလည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်စတဲ့ မြို့ကြီးများမှာ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ဒီစီးရီးခွေက 5 Star အဖွဲ့ရဲ့ ၁ဝ နှစ်ပြည့် အမှတ်တရအဖြစ် ထွက်ရှိခြင်းဖြစ်ပြီး ၁ဝ နှစ်ပြည့်တဲ့ ဇန်နဝါရီလထဲမှာလည်း ပွဲတစ်ပွဲလုပ်ဖို့ စီစဉ်နေကြောင်းလည်း အောင်သော်က ပြောပါတယ်။
” စီးရီးခွေလေးထွက်ရှိလာတဲ့အခါကျရင် အားပေးကြပါဦး။ ဒီစီးရီးခွေမှာ အကျိုးပြုသီချင်းလေးတွေ အများကြီး ထည့်ထားပါ တယ်။ တချို့ကတော့ လူရွှင်တော်ဆိုတော့ ရယ်စရာတွေဆိုကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ရယ်စရာအနေနဲ့ ဆိုထားတဲ့ စီးရီးခွေ တော့မဟုတ်ဘူး။ တကယ့်ကို ရင်ထဲကခံစားချက်တွေ နဲ့ ဆိုထားတာတွေပါ” လို့ အောင်သော်က ပြောပါတယ်။ 5 Star အဖွဲ့အနေနဲ့ ဒီအခွေအတွက် သူတို့တွေစိုက်ထုတ်ထားတဲ့ ငွေကြေးရပြီဆိုတာနဲ့ အမြတ်ငွေများကို ပြန်လည်လှူဒါန်းသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
လင်းအက္ခရာ