ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဟိုတယ်အသစ် ၂၂ လုံး၊ တည်းခိုရိပ်သာအသစ် ၂၃ လုံးနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီအသစ် ၄၆ ခုတို့အား လိုင်စင်အသစ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုးချဲ့ဆောင်ရွက်မှုများကြောင့် လက်ရှိတွင် ကချင်ပြည်နယ်၌ ဟိုတယ် ၆၆ လုံး၊ တည်းခိုရိပ်သာ ၃၁ လုံး၊ အခန်းစုစုပေါင်း ၂,၉၅၀ ခန်းနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီ ၈၁ ခုအထိ ဖွင့်လှစ်လည်ပတ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်ဆရာဖြစ် သင်တန်းလက်မှတ်ရရှိထားသည့် ဆရာ၊ ဆရာမများက ဟိုတယ်ဆိုင်ရာ ဧည့်ကြိုဝန်ဆောင်မှု၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းသုံးမျိုးကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို သင်တန်းတစ်တန်းလျှင် သင်တန်းသား ၃၀ ဦးဖြင့် လေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ကျင်းပခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုအရည်အသွေး မြင့်မားလာစေရေးအတွက် ယခုကဲ့သို့ ဝန်ဆောင်မှုအဆင့်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ခရီးသွားဧည့်သည်များအား အဆင့်မီဝန်ဆောင်မှုများ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဟိုတယ်ဝန်ဆောင်မှု ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သကဲ့သို့ ခရီးသွားဧည့်သည်များအနေဖြင့် လုံခြုံစိတ်ချစွာ တည်းခိုနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သည့် ဟိုတယ်များဖြစ်လာစေရေးအတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
