အနောက်တောင်မုတ်သုံလေသည် လာမည့် (၄၈)နာရီအ တွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ဝင်ရောက်နိုင်သည်ဟု မိုးဇလက ယနေ့ မေ ၂၆ ရက်ညနေ ၄ နာရီတွင် အသိပေးခဲ့သည်။
ထို့ပြင် ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း)နှင့်(အရှေ့အလယ်ပိုင်း)တို့တွင် မုတ်သုံ လေအားကောင်းနေ၍ မနက်ဖြန် မေ ၂၇ ရက်နံနက်ပိုင်းအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ က ရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်သည်ဟုအသိပေးခဲ့သည်။
ထို့အတူ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ က ရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ် ထွန်းလျက်ရှိပြီး မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကြရန်လည်း အသိပေးခဲ့သည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။