ဒီမို အကယ်ဒမီ သံဝေဂ

ဒီမို အကယ်ဒမီ သံဝေဂ
March 26, 2019 Asian Fame
ဒီမို အကယ်ဒမီ သံဝေဂ

၁၉၅၂ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ် ဒမီ)သည် ယခုအခါ နှစ်ပေါင်း ၆ဝ ကျော် ၇ဝ နီးပါး ကြာ မြင့်ခဲ့ချေပြီ။ မြန်မာ့ရုပ်ရှင် အနုပညာ လုပ်ငန်း အဆင့်အတန်း တိုးတက် မြင့်မားလာ စေရန် ရည်ရွယ်ချက်ဖြင့် ထူးချွန်ဆု ရွေးချယ်ရေး အကဲဖြတ် အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ရာ အကဲ ဖြတ်အဖွဲ့၏ ဥက္ကဌမှာ ပြန်ကြား ရေး ဝန်ကြီးဌာန အတွင်းဝန် ဦးသန့် ဖြစ်လေသည်။

ပထမတော့ ရုပ်ရှင်ဇာတ်ကား များကို ပထမ၊ ဒုတိယ၊ တတိယဆုများ သတ်မှတ်ချီးမြှင့်ပြီး အမျိုးသားပညာ သည်ဆုနှင့် အမျိုးသမီး ပညာသည်ဆု အားလုံး (၅) ဆု သတ်မှတ်ပေးအပ်ခဲ့ သည်။ ရုပ်ရှင်ကား ပထမဆုကို ရွှေ ကိန္ဒရီရုပ်၊ ဒုတိယဆုကို ငွေဒေါင်းရုပ်၊ တတိယဆုကို ကြေးခြင်္သေ့ရုပ်ချီးမြှင့် ကာ ဆုရပညာသည်များကို ရွှေရင်ထိုး ဆု ပေးခဲ့သည်။

၁၉၅၃ ခုနှစ် ထူးချွန်ဆုပေးပွဲ တွင်လည်း အထက်ပါပုံစံအတိုင်းပင် ဆုများကို ပေးအပ်ခဲ့ပြီး ၁၉၅၄ ရောက်သောအခါ ဒါရိုက်တာဆုတစ် ဆု တိုး၍ပေးခဲ့သည်။ နောက်နှစ်များ တွင် ကလေးသရုပ်ဆောင်အထူးဆု၊ ဓာတ်ပုံဆု စသည်ဖြင့် တိုး၍ ချီးမြှင့်ခဲ့ သည်။ ၁၉၉၁ ခုနှစ်တွင် ရုပ်ရှင်တေး ဂီတဆုပေးသည်။ ၁၉၉၅ ခုနှစ်တွင် ဇာတ်ညွှန်းဆုပေးသည်။ ၁၉၉၇ ခုနှစ် တွင် ရုပ်ရှင်အသံဆုနှင့် ရုပ်ရှင်တည်း ဖြတ်ဆုတို့ကို တိုးမြှင့်ပေးနိုင်ခဲ့လေ သည်။ ယခုအခါ ရုပ်ရှင်ထူးချွန်ဆု ပေါင်း ၁၂ ဆုကို သတ်မှတ်ချီးမြှင့်နိုင် ခဲ့လေပြီ။

၁၉၆၁ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားတွင် ထို စဉ်က အကဲဖြတ်ဥက္ကဌ စည်သူဒေါက် တာဦးဘ၏ မိန့်ခွန်းမှာ မြန်မာ့ရုပ်ရှင် သမိုင်းမှတ်တိုင်တစ်ခုကို ဖွင့်ပြသွား သည့်နယ် တွေ့ရသည်။

၁၉၆၁ ခုနှစ်အချိန်က ပေးနိုင် ခဲ့သော ဆုမှာ အကယ်ဒမီ ၅ ဆုသာ ဖြစ်ခဲ့သည်။ ရုပ်ရှင်ဇာတ်ကားဆု၊ သရုပ်ဆောင်(ကျား)၊ သရုပ်ဆောင် (မ)၊ ဒါရိုက်တာဆုနှင့် ဓာတ်ပုံဆုတို့ ဖြစ်ကြသည်။ ထူးခြားသည်မှာ ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေးအတွက် စုံစမ်းရေးကော်မတီ တစ်ခုကိုလည်း ဖွဲ့စည်းထားသည်။ ထိုကော်မတီ၏ ထောက်ခံမှုကြောင့် ရုပ်ရှင်ရုံများတွင် မြန်မာရုပ်ရှင်ကားများကို တစ်နှစ် လျှင် ရက်ပေါင်း အနည်းဆုံး ၆ဝ ပြရ မည်ဟု သတ်မှတ်ပေးခဲ့ဖူးသည်။ (မြန်မာရုပ်ရှင်ကားများကို ဦးစားပေး မပြသေးဘဲ နိုင်ငံခြားကားများကိုသာ ရုံတင်ပြသပေးမည်ကို စိုးရိမ်သော ကြောင့်ဖြစ်ဟန်တူပေသည်)

၁၉၆၁ ဆု(၅)ဆု ပေးသည့်ပွဲ တွင် စည်သူဒေါက်တာဦးဘက “ရုပ် ရှင်အသံ” နှင့် ပတ်သက်ပြီး စံချိန်မမီ ကြောင်း ထုတ်ဖော်ပြောခဲ့သည်။ မြန် မာ့ရုပ်ရှင်၏ အသံပိုင်းဆိုင်ရာ ကောင်း မွန်စေလိုသောကြောင့် အသံဆု တစ်ဆု တိုးမြင့်ပေးနိုင်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနသို့ တောင်းဆိုခဲ့သော် လည်း ဘဏ္ဍာရေးအခြေအနေကြောင့် ပယ်ချခြင်းခံခဲ့ရကြောင်း သူ့မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။ ယခုအချိန်အခါတွင် လည်း ဂီတပိုင်းဆိုင်ရာနှင့် ပတ်သက် ၍ တေးသီချင်းဆု၊ တေးရေးသူဆု စသည်ဖြင့် ပေးအပ်လိုသူများရှိလာ သည်။ မိတ်ကပ်၊ ဆံပင်၊ အဝတ်အစား၊ အထူးပြုလုပ်ချက် Sound Design ဆု၊ ကလေးသရုပ်ဆောင် အစရှိသော ထူးချွန်မှုများကိုမူ အထူးဆုအနေနှင့် သတ်မှတ်ဖော်ပြထားသည်။

ဆုများကို တိုးချဲ့ပေးသင့်မှန်း သိသော်လည်း ၁၉၆၁ ခုနှစ်တုန်း ကလို ငွေကြေးအခက်အခဲကိုလည်း ငဲ့ကွက်ကြည့်ရှုနေရသော သဘောမျိုး ရှိနေသည်။ လွန်ခဲ့သော ၄ နှစ်ခန့်မှ စ၍ မြန်မာ့ရုပ်ရှင်လောကသားများ သည် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ပြန် ကြားရေးဝန်ကြီးဌာနမှ လွှဲပြောင်းရ ယူ ကျင်းပခဲ့ကြရာ ထိုစဉ်က လွှဲ ပြောင်းရယူလိုသူ ရုပ်ရှင်ဆရာကြီး အချို့ ယခုအခါ ကူညီလှုပ်ရှားသည် ကို မတွေ့ရတော့ဘဲ ရုပ်ရှင်အစည်း အရုံး အမှုဆောင်အဖွဲ့နှင့် ဝန်ထမ်း များသာ အမာခံကျန်ပြီး အနာခံ အလုပ်လုပ်နေကြသည်ကို မြင်ရ တော့သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အနိမ့်အမြင့်၊ အတက်အကျသည် နေ ရာဌာနအသီးသီးကို ရိုက်ခတ်တတ် သော သဘောရှိသောကြောင့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုလည်း စီး ပွားရေးက ထိန်းချုပ်ထားလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုများကို စီးပွားရေးလုပ် ငန်းရှင်များက ဖောဖောသီသီ ကူညီ ထောက်ပံ့မည်။ နိုင်ငံတော်အစိုးရ ကလည်း အချို့သောဆုများအတွက် တာဝန်ခံမည်ဆိုပါက အထူးဆူအဖြစ် သတ်မှတ်ထားသာ ထူးချွန်ဆု ၅ ဆု အပြင် ရုပ်ရှင်သီချင်းဆုမှအစ ပေး သင့်ပေးထိုက်သော ဆုများကို ထိုက် ထိုက်တန်တန် ပေးအပ်နိုင်မည်ဖြစ် လေသည်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသည် စီးပွားရေးလုပ်ငန်း အဖွဲ့ မဟုတ်သောကြောင့် စိတ်ရှိ သလောက် ထင်တိုင်းပေါက်နိုင်ခြင်း မရှိပါချေ။ မည်သို့ပင်ဖြစ်စေ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးသည် ကိုလို နီကျွန်ခေတ်ကတည်းက ပရိသတ် ပြည်သူများနှင့် လက်တွဲ၍ မြန်မာ့ ရုပ်ရှင်ခရီး အနိမ့်အမြင့်အကွေ့ အကောက်များကို ယနေ့အထိ ဇွဲရှိရှိ လျှောက်လှမ်းနေဆဲဖြစ်သည်။ “ရုပ် ရှင်သည် ပြည်သူ့အတွက်” ဆောင်ပုဒ် နှင့်အတူ ရုပ်ရှင်တာဝန်များကို ထမ်း ရွက်နေဆဲဖြစ်ပါ၏။

စီးပွားရေးသာမက နိုင်ငံရေး သည်လည်း ရုပ်ရှင်လမ်းကြောင်းကို အချိုးအကွေ့များ ဖြစ်ပေါ်စေခဲ့ပါ၏။ ၁၉၆၂ ခုနှစ် စစ်အုပ်ချုပ်ရေး စတင် သည်နှင့် ရုပ်ရှင်ထူးချွန်ဆုပွဲကို ရပ် နားလိုက်ရပြီး ၁၉၆၄ ကျမှ ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ထိုနှစ်တွင် ပညာ သည်ဆုကို ဇာတ်ပို့ဆု(ကျား/မ) ဦးကျောက်လုံးနှင့် ဒေါ်မေသစ်တို့ကို ခွဲခြားပေးခဲ့လေသည်။ ပေးအပ်သည့် ပုံစံမှာ အရည်အချင်းပြည့်မီမှ ပေး သော ပုံစံဖြစ်သောကြောင့် တစ်နှစ် လျှင် နှစ်ယောက်၊ သုံးယောက်မျှသာ ရသော နှစ်များ များပြားခဲ့သည်။ ထို နှစ်က အဓိကသရုပ်ဆောင် ကျား၊မ မပေးခဲ့ချေ။ နိုင်ငံရေး လှုပ်ရှားမှု ကြီးမားသော ၁၉၈၈ ကာလက ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ တို့အတွက် ရုပ်ရှင်ထူးချွန်ဆုမပေးနိုင်ခဲ့ဘဲ ၁၉၈၉ ခုနှစ်ကျမှ ရုပ်ရှင်ထူးချွန်ဆုပွဲကို စတင်နိုင်ခဲ့လေသည်။ ၁၉၉ဝ ကျော် ကာလ ထူးချွန်ဆုပေးပွဲများမှာ ဆု များကို ဖောဖောသီသီပေးလာသည်။ အကောင်းဆုံးဆုကို နှစ်ဆု အပြိုင်ပေး လာသည်ကို တွေ့ရပြန်သည်။

ရုပ်ရှင်ထူးချွန်ဆုသမိုင်းကို ကြည့်လျှင် ရုပ်ရှင်ထူးချွန်ဆုသည် နိုင်ငံရေးနှင့် စီးပွားရေးတို့၏ ရေချိန် ပေါ်တွင် မူတည်ကာ အတက်အကျ ရှိသော်လည်း ယနေ့တိုင် အသွား မပျက် သွားလျက် ရှိနေသည်။ ဘဝ သံသရာ ရုပ်ရှင်ဇာတ်ကားထဲကလို တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလျက် ရှိလေ သည်။ တကယ့်ကို တစ်ယောက်ဆင်း တစ်ယောက်တက်ဖြစ်ရပ်ပါပေ။ ပထမ ဆုံး အကောင်းဆုံး ပညာသည်ဆု ရခဲ့ သူများတစ်ယောက်မှ မရှိကြတော့။ ကျော်ဝင်း၊ ကြည်ကြည်ဌေး၊ မောင် တင်မောင်၊ မေမြင့်၊ ဦးသုခ၊ အမေပု၊ ဦးချင်းစိန်၊ ဖိုးပါကြီး၊ မေလွင်တို့ မရှိ ကြတော့ပြီ၊ ဇေယျကြီးလည်း မရှိတော့၊ ဦးချစ်ဖွယ်၊ ရွှေဒုံးဘီအောင်၊ ထွန်းဝေ တို့လည်း ကွယ်ပျောက်သွားပြီ …။

ကံအားလျော်စွာ ဝင်းမာ၊ မြင့် မြင့်ခင်၊ ထွန်းလှိုင်၊ မြတ်မွန်တို့ ယနေ့ ထိ ရှိနေသေးသည်။ ဝါဝါဝင်းရွှေ၊ စံ ရှားတင်၊ ခင်သန်းနု၊ စိုးရွှေတို့ အကယ် ဒမီပွဲနှင့်အတူရှိနေသေး၏။ အဟောင်း အဟောင်းတို့ တဖြည်းဖြည်း ကွယ် ပျောက်သွားပြီး အသစ်သစ်တို့ အစား ထိုး ပေါ်ထွန်းလာကြသည်။ အဟောင်း တွေကြွေ၍ အသစ်တွေ ဝေလာသော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု သစ်ပင်ကြီး ကား ဆက်လက်ရှင်သန်နေဆဲဖြစ် သည်ကတော့ အမှန်ပင်။ ဤအပင် ကြီး ရှင်သန်ရေးအတွက် ပံ့ပိုးသူများ ရှိသလို ခဲနှင့်ပစ်၊ ဓားနှင့်ခုတ်နေသူများ လည်း ရှိကြ၏။ တစ်နှစ်ကျင်းပပြီး သည်နှင့် ဆဲသံ၊ ဆိုသံ ဆူဆူညံနေ တတ်သည်။ ကိုယ်နှစ်သက်သူ၊ ကိုယ် အားပေးသူ ကိုယ်အကောင်းဆုံးထင် သူ ဆုမရလျှင် ဝေဖန်ဆန်းစစ် ကြည့် ရှုမနေတော့ဘဲ ခံစားချက်သက်သာ အောင် ဆဲဆိုဖောက်ခွဲလိုက်ကြလေ တော့သည်။

စင်စစ် ထူးချွန်ဆု အကဲဖြတ် အဖွဲ့တွင် အဖွဲ့ဝင်ပေါင်းများစွာ ပါ ကြသည်။ သူတို့သည်လည်း လူသား များ ဖြစ်ကြသည်။ ထိုသူတို့ပင်လျှင် အကြိုက်ချင်းတူကြသည်မဟုတ်၊ စံ ချိန်စံညွှန်း အချက်အလက်များဖြင့် သာ ထိန်းကျောင်းထားလေသည်။ မည်သို့ပင်ဖြစ်စေ အများစုက နှစ် သက်သော ပညာရှင်သည် ဆုချီးမြှင့် ခြင်း ခံရလေသည်။ ဒီမိုကရေစီ စနစ် တွင် အများစု၏ ဆုံးဖြတ်မှုကသာ အဓိကကျသည် မဟုတ်ပါလော။ အကယ်ဒမီဆုသည်လည်း အများစု၏ ဆုံးဖြတ်မှုအောက်တွင် “အဖြေ” ထုတ်ရခြင်းဖြစ်ပါ၏။ သို့သော် မှန် ချင်မှ မှန်ပါလိမ့်မည်။

၁၉၆၁ ခုနှစ် အကဲဖြတ်အဖွဲ့ ဥက္ကဌ စည်သူဒေါက်တာဦးဘ၏ မှတ် ချက်အဖြေစကားကို ထုတ်နုတ်ဖော် ပြလိုပါ၏။
“ဆရာတို့ ရွေးချယ်မယ့် ဇာတ် ကားနဲ့ မင်သား၊ မင်းသမီး၊ ဒါရိုက် တာ စတဲ့သူတွေဟာ အများပြည်သူ ကြိုက် ဖြစ်မယ်လို့ ထင်ပါသလားခင် ဗျား…” ဆိုသည့် သတင်းထောက် ၏ မေးခွန်းကို အောက်ပါအတိုင်း ဖြေ ဆိုခဲ့ပါ၏။

“ဒါတော့ အတိအကျ မပြောနိုင် ဘူးလေ။ အများပြည်သူ ဆိုသူတွေက တစ်နှစ်လုံး ထွက်ခဲ့တဲ့ ကားပေါင်း ၈ဝ ထဲက ၂၅ ကား၊ ကား ၃ဝ ကြည့်တဲ့လူ ရှိချင်ရှိမယ်။ ၁ဝ ကား ၁၅ ကား ကြည့်တဲ့သူ ရှိချင်ရှိမယ်။ တချို့တလေ က မင်းသားမင်းသမီး ပုဂ္ဂိုလ်စွဲလိုက် လို့ ၃ ကား ၄ ကား ကြည့်တဲ့လူ ရှိချင် ရှိမယ်။ ပြီးတော့ သူတို့ဟာ ကားတစ် ကားကို တစ်ကြိမ်လောက် စိတ်ပျော် ရွှင်မှုအတွက် ကြည့်တာနဲ့ ဆရာတို့ လို တာဝန်ကြောင့် ၃ ကြိမ် ၄ ကြိမ်စီ ကြည့်တာနဲ့ အမြင်ချင်း အတွေးချင်း တူချင်မှ တူပေမယ်။ စီစဉ်ညွှန်ကြားမှု ရဲ့ ချို့ယွင်းချက်၊ သရုပ်ဆောင်မှုရဲ့ ချို့ ယွင်းချက်၊ ဓာတ်ပုံ၊ အသံ၊ တေး ဂီတ အစရှိတာတွေရဲ့ ချို့ယွင်းချက် စတဲ့ ချို့ယွင်းချက်တွေကို ဆရာတို့က တွေ့ရှိထားပြီး အဲဒီ့ထဲက အဖက်ဖက် က အကောင်းဆုံး သို့မဟုတ် အပြစ် အနာ အနည်းဆုံးတွေကို ရွေးထုတ်ခဲ့ တာမို့ သာမန် ရုပ်ရှင်ကြည့်သူတွေရဲ့ အကြိုက်နဲ့ကိုက်ညီကောင်းမှ ကိုက်ညီ ပေလိမ့်မည်။ ပိုက်ဆံအရဆုံးကား များလည်း ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်” တဲ့။

စဉ်းစားရင် စဉ်းစားရင်း သံဝေဂ ရမိပါ၏။ “ဒီမိုအကယ်ဒမီ သံဝေဂ” ဆိုပါတော့လေ . . .။

ကြည်စိုးထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*