တရုတ်နိုင်ငံတွင် နိုင်ငံတော်၏ နည်းပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု သတ်မှတ်ခံရသူများ၏ ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်နိုင်သည့် ပြည်ဝင်၊ ပြည်ထွက်ဆိုင်ရာ စည်းမျဉ်းသစ်များ အင်္ဂါနေ့တွင် စတင်အသက်ဝင်လာသည်။
လက်ရှိတွင် တရုတ်နိုင်ငံသားများသည် ယေဘုယျအားဖြင့် ပြည်ပသို့ လွတ်လပ်စွာ ခရီးသွားလာနိုင်သော်လည်း နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟု အစိုးရက သတ်မှတ်ထားသူများ၏ ပြည်ပခရီးသွားလာမှုကို ယခင်ကတည်းက စောင့်ကြည့်ကန့်သတ်မှုများ ပြုလုပ်ထားသည်။
ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းသစ်များတွင် စက်မှုလုပ်ငန်း သို့မဟုတ် နည်းပညာဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် ပို့ကုန်ထိန်းချုပ်ရေးနှင့် နည်းပညာတင်သွင်း၊ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းများ ချိုးဖောက်မှုတို့ကို အဓိကပစ်မှတ်ထားသည်။
နိုင်ငံတော်လုံခြုံရေး သို့မဟုတ် နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေသည့် တရားမဝင်လုပ်ရပ် သို့မဟုတ် ရာဇဝတ်မှုများကို ပြည်ပတွင် ကျူးလွန်ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများကို ခြောက်လမှ သုံးနှစ်အထိ ပြည်ပထွက်ခွာခွင့် ပိတ်ပင်နိုင်ကြောင်း စည်းမျဉ်းသစ်တွင် ပြဋ္ဌာန်းထားသည်။
ထို့အပြင် ဗီဇာလျှောက်ထားရာတွင် မှားယွင်းသည့် အချက်အလက်များ တင်ပြခဲ့သော နိုင်ငံခြားသားများကိုလည်း တစ်နှစ်မှ ငါးနှစ်အထိ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်နိုင်သည်။
တရုတ်နိုင်ငံတွင် လျှို့ဝှက်အချက်အလက်များ ရယူသိရှိနိုင်သည့် အစိုးရအရာရှိများနှင့် နိုင်ငံပိုင်လုပ်ငန်းများမှ အမှုဆောင်အရာရှိများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြည်ပခရီးသွားလာမှုအပေါ် ကန့်သတ်ချက်များကို ယခင်ကတည်းက ကျင့်သုံးခဲ့သည်။
လုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် ဆက်နွှယ်၍ ၎င်းတို့၏ နိုင်ငံသားအချို့ တရုတ်နိုင်ငံမှ ထွက်ခွာခွင့် ငြင်းပယ်ခံခဲ့ရသည့် ဖြစ်ရပ်များရှိကြောင်း နိုင်ငံခြားအစိုးရအချို့ကလည်း ပြောကြားထားသည်။
Ref: The Straits Times
