ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီသည် ၂၀၂၅ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို “လျှပ်စစ်ပတ်လမ်းတစ်ခုအတွင်း အတိုင်းအတာကြီးမားသော ကွမ်တမ်စက်ပိုင်းဆိုင်ရာ ဥမင်တူးခြင်း (macroscopic quantum mechanical tunnelling) နှင့် စွမ်းအင် ပမာဏပိုင်းခြားခြင်း (energy quantisation) ကို ရှာဖွေတွေ့ရှိခြင်း” အတွက် John Clarke၊ Michel H. Devoret နှင့် John M. Martinis တို့အား ချီးမြှင့်လိုက်သည်။
ယခုနှစ် ရူပဗေဒနိုဘယ်ဆုရှင်များ ချစ်ပ်ပြားပေါ်တွင် ပြုလုပ်ခဲ့သော စမ်းသပ်မှုများသည် လက်တွေ့ဘဝအသုံးချ ကွမ်တမ်ရူပဗေဒကို ထပ်မံဖော်ထုတ်ပြသခဲ့သည်။
ကွန်ပျူတာ မိုက်ခရိုချစ်ပ်များရှိ ထရန်စစ်စတာများသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် လက်တွေ့အသုံးချနေသော ကွမ်တမ်နည်းပညာ၏ ဥပမာတစ်ခုဖြစ်သည်။
၂၀၂၅ ခုနှစ် ရူပဗေဒဆုရှင်များသည် လက်ဖြင့် ကိုင်တွယ်နိုင်လောက်သော အရွယ်အစားရှိသော စနစ်တစ်ခုတွင် ကွမ်တမ်စက်ပိုင်းဆိုင်ရာ ဥမင်တူးခြင်းနှင့် ပမာဏပိုင်းခြားထားသော စွမ်းအင်အဆင့်နှစ်မျိုးလုံးကို သရုပ်ပြခဲ့သည့် လျှပ်စစ်ပတ်လမ်းတစ်ခုဖြင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
ထို့အပြင် ဆုရှင်များက ထိုစနစ်သည် ကွမ်တမ်စက်ပိုင်းဆိုင်ရာ သဘောတရားအရ ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ပြုမူဆောင်ရွက်ကြောင်းကိုလည်း သရုပ်ပြနိုင်ခဲ့သည်။
ယခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုသည် ကွမ်တမ်ကွန်ပျူတာများ၊ ကွမ်တမ်လျှို့ဝှက်စာရေးနည်း (quantum cryptography) နှင့် ကွမ်တမ်အာရုံခံကိရိယာများ (quantum sensors) အပါအဝင် နောက်မျိုးဆက် ကွမ်တမ်နည်းပညာကို တီထွင်ဖန်တီးရန် အခွင့်အလမ်းများ ပေးစွမ်းခဲ့ပါသည်။
