အမေရိကန်စစ်သင်္ဘောတွေ အီရန်ဒုံးကျည်နဲ့ တိုက်ခိုက်ခံရပြီးနောက် အီရန်ရေနံတင်သင်္ဘော ၃ စင်းကို ပြန်ပြီး တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က စနေနေ့မှာ ပြောပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ဒေသတွင်း တင်းမာမှုတွေက ပိုပြီး မြင့်တက်လာခဲ့ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောကြားချက်အရ အီရန်ရေနံတင်သင်္ဘောနှစ်စင်းကတော့ လုံးဝ သုံးမရတော့အောင် ပျက်စီးသွားခဲ့ပြီး၊ တတိယသင်္ဘောကတော့ ကုန်ပစ္စည်းတင်ဆောင်ထားတာ မရှိသေးပေမဲ့ ဖျက်ဆီးခံလိုက်ရပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ် ဗီဒီယိုဖိုင်ကိုလဲ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)က ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ဘက်ကတော့ ဒီသင်္ဘောတွေဟာ အီရန်ရဲ့ အင်အားကြီး တော်လှန်ရေးအစောင့်တပ်နဲ့ ဒေသတွင်း လက်နက်ကိုင်အုပ်စုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ မှောင်ခိုကွန်ရက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ် ကူပါ (Brad Cooper) ကတော့ “အမေရိကန်တပ်ဖွဲ့တွေကို ကာကွယ်ဖို့အတွက် ဘယ်တော့မှ နှောင့်နှေးနေမှာ မဟုတ်ပါဘူး။ လိုအပ်မယ်ဆိုရင် အီရန်ရဲ့ အကာအကွယ်မရှိတဲ့ အရပ်ဖက်ရေနံတင်သင်္ဘောအုပ်စုကိုပါ အကုန်ဖျက်ဆီးပစ်မှာပါ” လို့ သတိပေးပြောဆိုထားပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ဒေသတွင်းမှာ ကင်းလှည့်နေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ ဖျက်သင်္ဘောတို့ဟာ အကြောင်းမဲ့ အီရန်ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ အမေရိကန်ဘက်က ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးလို့လဲ ဆိုပြန်ပါတယ်။ အီရန်ဖက်ကတော့ အဲဒီလို တိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးသွားတဲ့ အမေရိကန်စစ်သင်္ဘောတွေဟာ တိုက်ပွဲဖြစ်တဲ့နေရာကနေ ခဲခဲယဉ်းယဉ်းဆုတ်ခွာသွားခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
