ရန်ကုန်၊ စက်တင်ဘာ ၂၃
ဂျပန်နိုင်ငံ နာဂိုယာမြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ တက်ဂ်ဘောအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းကို စုစုပေါင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၄၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘောကစားသမား ခင်နှင်းဝေသည် အုပ်စုပွဲစဉ်များမှစတင်ကာ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်အဆင့်များတွင် ပြိုင်ဘက်များကို အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲ၌ အင်ဒိုနီးရှားကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူကာ ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။
ယင်းရွှေတံဆိပ်သည် မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်အတွက် အာရှအဆင့်ပြိုင်ပွဲ၌ ပထမဆုံးရရှိသည့် ရွှေတံဆိပ်လည်းဖြစ်ကြောင်း သိရသည်။
အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့က အဆင့်ဆင့်ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် (၁) ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် စောဖရိုက်ဒေးသည် ဆီမီးဖိုင်နယ်၌ အီရတ်ကစားသမားနှင့် ယှဉ်ပြိုင်ရာ Game Point နှစ်ကြိမ်အထိ ဦးဆောင်နိုင်ခဲ့သော်လည်း ဒဏ်ရာအခြေအနေနှင့် ကစားပုံအမှားအချို့ကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။ သို့သော် တတိယနေရာလုပွဲတွင် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူကာ ကြေးတံဆိပ် ဆွတ်ခူးပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် ဖွဲ့စည်းပြီး တစ်နှစ်ခွဲမပြည့်မီကာလအတွင်း အာရှအဆင့်ပြိုင်ပွဲ၌ Event သုံးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သုံးမျိုးစလုံးတွင် ဆုတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီက ကျပ်သိန်း ၆၀၀၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၆၀၀၊ မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာထက်ခိုင်ဝင်းက ကျပ်သိန်း ၆၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုနှင့် အထွေထွေအတွင်းရေးမှူး ဦးဖြိုးဇာနည်တို့ကလည်း ကျပ်သိန်း ၃၀၀ စီ ထပ်မံချီးမြှင့်ခဲ့ရာ စုစုပေါင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၄၀၀ ရှိခဲ့ကြောင်း သိရသည်။
အာရှဆုတံဆိပ်ရှင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းသားများအတွက် ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်ကိုလည်း မကြာမီရက်ပိုင်းအတွင်း ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
