မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် SMR အခြေပြု အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုထည့်သွင်းလျာထားဟု အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်သမ္မတက ယနေ့ စက်တင်ဘာ ၂၃ ရက်တွင်ကျင်းပသည့် အမျိုးသားအဆင့် နျူကလီးယားစွမ်း အင်အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် SMR အခြေပြု အဏုမြူစွမ်း အင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုထည့်သွင်းလျာထားကာ နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက်လေ့လာသုံးသပ်ရမည့် ရွေးချယ်စရာတစ်ရပ်ဖြစ်သည်ဟု ပြောသည်။
” မြန်မာနိုင်ငံရဲ့စွမ်းအင်မူဝါဒဟာ စွမ်းအင်ရင်းမြစ်တစ်မျိုးတည်းကို အားကိုးခြင်းမဟုတ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်(Renewable Energy)၊ သဘာဝဓာတ်ငွေ့နဲ့တခြားရင်းမြစ်တွေကိုပေါင်းစပ်အသုံးပြုတဲ့ Mix Energy ကိုအခြေခံသင့်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ထုတ်ယူမှုသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအနိမ့်ဆုံးစာရင်းတွင်ပါဝင်ပြီး ရာသီဥတုအပေါ် မှီခိုရမှုမရှိခြင်းကြောင့် ၂၄ နာရီပတ်လုံး တည်ငြိမ်သည့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရယူနိုင်၍ စက်ရုံအတွက်မြေဧရိယာ အနည်းငယ်သာလိုအပ်သည့်အားသာချက်များရှိသည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ လက်ရှိနှင့်လာမည့်ကာလများတွင်တိုးပွားလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေရှည်စွမ်းအင်လုံခြုံရေးကို အာမခံနိုင်ရေးအတွက် ရရှိနိုင်သည့်စွမ်းအင်ရင်းမြစ်များကို ထိရောက်စွာအသုံးချပြီး ရေရှည်အတွက်သင့်လျော်သည့် စွမ်းအင်မူဝါဒများကို စနစ်တကျချမှတ်ဆောင်ရွက်ရန်လိုသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
