နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ခဲ့ခြင်းအတွက် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့အား အငြိမ်းစား သံအမတ်ကြီး ဦးသန်းလွင် (ကွယ်လွန်) အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အငြိမ်းစား သံအမတ်ကြီး ဦးသန်းလွင် (ကွယ်လွန်) အား ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ တံဆိပ်အား မလေးရှားနိုင်ငံရှိ ၎င်း၏ သမီးဖြစ်သူ ဒေါ်စိုးစိုးသန်းအား လက်ရောက်အပ်နှင်းသည့် အခမ်းအနားကို မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၌ ဇန်နဝါရီ(၃၁) ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းက နိုင်ငံတော်နှင့် ပြည်သူများအတွက် စိတ်ရောကိုယ်ပါ တတ်စွမ်းသမျှ ထူးကဲစွာ ဆောင်ရွက်သူခဲ့သူများကို နိုင်ငံတော်၏ လွတ်လပ်ရေးနေ့နှင့် အခြားနေ့ထူးနေ့မြတ် အခါသမယများတွင် ထိုက်တန်သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ခဲ့ခြင်းအတွက် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့် အငြိမ်းစား သံအမတ်ကြီး ဦးသန်းလွင်(ကွယ်လွန်) အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။
ကွယ်လွန်သူ သံအမတ်ကြီး(ကိုယ်စား) အမွေဆက်ခံသူ သမီးဖြစ်သူ ဒေါ်စိုးစိုးသန်းထံသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်အား လက်ရောက်အပ်နှင်း ပေးအပ်ခွင့် ရရှိခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိကြောင်းစသည်ဖြင့် ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံး (ကြည်း၊ရေ၊လေ)မှ စစ်သံမှူး ဗိုလ်မှူးချုပ် နိုင်ဦးနှင့် ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
