နိုင်ငံ၏ အာဏာရ ဗဟိုလက်ဝဲ လေဘာပါတီကို ဆန့်ကျင်ကြောင်း ပြသမှုအဖြစ် သြစတြေးလျနိုင်ငံမှ ပြည်နယ်လွှတ်တော်အမတ်တစ်ဦးသည် သူ၏ နာမည်ကို “သြဇီ ထရမ့်ပ်” ဟု တရားဝင် ပြောင်းလိုက်သည်။
ယခင်က ဘန်ဒေါ်ကင်းစ်အမည်ရ မစ္စတာထရမ့်ပ်သည် အနောက်သြစတြေးလျပြည်နယ်(WA) မှ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။ ယင်းလွှတ်တော်တွင် လေဘာပါတီအမတ်အများစုက လွှမ်းမိုးထားသည်။
“WA ရှိ လေဘာအစိုးရ၏ အာဏာရှင်ဆန်သော၊ အစီအစဉ်တကျအကွက်ချ၍ အကျင့်ပျက်ခြစားေသာ လုပ်ရပ်ကို ဆန့်ကျင်သော နိုင်ငံရေး ကန့်ကွက်မှုတစ်ခုကို ကျွန်တော် စတင်လိုက်သည်” ဟု သူက “သြဇီ” ဟု လက်မှတ်ရေးထိုးကာ ဖေဖော်ဝါရီ ၅ ရက်ညပိုင်းတွင် X ပေါ်၌ ပို့စ်တင်ခဲ့သည်။
ပါလီမန်၏ ဝက်ဘ်ဆိုက်တွင်လည်း လွှတ်တော်အမတ်၏ အမည်ကို Austin(သြဇီ) Letts Trump အဖြစ် အပ်ဒိတ်လုပ်ထားသည်ကို တွေ့ရသည်။
ပြည်နယ်၏ မွေးဖွားခြင်း၊ ေ-သဆုံးခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ မှတ်ပုံတင်ဌာနက နာမည်ပြောင်းလဲမှုကို တရားဝင် အတည်ပြုပေးထားသည့်ဓါတ်ပုံကိုလည်း သူက X ပေါ်တင်ခဲ့သည်။
မစ္စတာထရမ့်ပ်သည် အိမ်တွင်းအကြ-မ်းဖက်မှုဆိုင်ရာတားမြစ်မိန့်ကို ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်များဖြင့် ၂၀၂၃ ခုနှစ်တွင် လေဘာပါတီမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။
လေဘာပါတီသည် မေလတွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများမတိုင်မီ အရင်းအမြစ်ပေါကြွယ်ဝသော အနောက်သြစတြေးလျပြည်နယ်တွင် မတ်လ၌ ပြုလုပ်မည့် ပြည်နယ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
