ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၁၅) နှစ်အောက် ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး (MR) ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းကို ၂၀၂၆ ခုနှစ် ဧပြီလမှစတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ဇွန်လ ပထမပတ်အထိ ကလေးငယ် ၁၂,၀၀၀ ကျော်အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များရှိ ကလေးငယ်များကို ဒေသန္တရကျန်းမာရေးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနများတွင် အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များ၌ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကျေးရွာများနှင့် ကယ်ဆယ်ရေးစခန်းများရှိ ကလေးငယ်များထံသို့လည်း ကွင်းဆင်းဆေးထိုးစုရပ်စနစ်ဖြင့် နေ့စဉ်သွားရောက်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များအား ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါများဘေးမှ ကင်းဝေးစေရေးအတွက် သတ်မှတ်အစီအစဉ်များအတိုင်း ပါဝင်ထိုးနှံပေးကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
