မြန်မာ့ဘောလုံးလောကအတွက် အရည်အသွေးမြင့် မျိုးဆက်သစ်ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် FIFA-MA Potential Young Referee Course 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက် နံနက် ၁၀ နာရီက သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံမှ သိရသည်။
အဆိုပါသင်တန်းသည် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဒိုင်လူကြီးများ၏ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းစဉ်များကို MFF က အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းသား ၃၀ ဦးနှင့် သင်တန်းသူ ၅ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ပြီး ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်း၊ မြန်မာနေရှင်နယ်လိဂ် ဒုတိယဥက္ကဋ္ဌ(၁)နှင့် အမှုဆောင်အရာရှိချုပ် ဦးကိုကိုသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်သိန်းသိန်းအေး၊ ဒိုင်ကော်မတီဝင် ဦးထွန်းလှအောင်၊ FIFA မှ ဒိုင်သင်တန်းနည်းပြဆရာများ၊ အဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ ရရှိမည့် အသိပညာနှင့် အတွေ့အကြုံများကို အခြေခံကာ နိုင်ငံတကာအဆင့်မီ ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများ ဖြစ်လာစေရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
